Home
မြန်မာသတင်း
ပြည်သူများ ကိုဗစ်-၁၉ စည်းကမ်းချက် လိုက်နာမှုအားနည်းဟု ကျောက်ဖြူခရိုင်ဆေးရုံအုပ်ကြီး ပြော
DVB
·
July 18, 2020
ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ အားနည်းလာနေပြီး စည်းကမ်းချက်တွေကို လိုက်နာမှ ကိုဗစ်-၁၉ ရဲ့ ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်မယ်လို့ ကျောက်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က DVB ကို ပြောပါတယ်။ “ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေရှိပါတယ်။ လူစုလူဝေးဖြစ်နိုင်ရင် မသွားဖို့၊ အိမ်မှာနေဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့၊ လက်ဆေးဖို့ ဒါတွေကို လိုက်နာဖို့တော့ လိုပါတယ်။ လိုပါတယ်ဆိုတာက အခု ကျနော်တို့ လူထုကလည်း လိုက်နာတာကလည်း တဖြည်းဖြည်း လျော့လာတာကို တွေ့ရတယ်။ ဒါက ဒီလို လိုက်နာမှသာလျှင် အတတ်နိုင်ဆုံး ဒုတိယလှိုင်းကို ကျော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မလိုက်နာရင်တော့ လူစုလူဝေးထဲ သွားနေမယ်၊ Mask မတပ်ဘူး၊ လက်ဆေးတဲ့အကျင့် မရှိဘူး၊ ဒါတွေလုပ်မယ် ဆိုရင်တော့ ကူးစက်မှုက များလာနိုင်ပါတယ်။”  ကျောက်ဖြူမြို့မှာ နိုင်ငံရပ်ခြားက ပြန်လာသူတွေကိုသာ အသွားအလာကန့်သတ် စောင့်ကြည့်တာတွေ၊ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ၊ မရှိကို စစ်ဆေးသွားမှာဖြစ်သလို နိုင်ငံခြားမှ ပြန်ဝင်လာသူတွေထဲမှ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ကိုဗစ်-၁၉ စစ်ဆေးခံယူခဲ့ပြီးပါက မိမိနေအိမ်မှာ တပတ်ခန့် အသွားအလာကန့်သတ်နေထိုင်ရမယ်လို့လည်း ကျောက်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က DVB ကို ပြောပါတယ်။ “အခုလက်ရှိအနေနဲ့ကတော့ ကျနော်တို့က နိုင်ငံခြားက ပြန်လာတယ်။ Facility Quarantine ထားမယ်။ နောက် နိုင်ငံခြားက ပြန်ဝင်လာတယ်။ ဝင်လာတဲ့ဒေသမှာ ကွာရန်တင်းနေခဲ့ပြီးပြီ။ swab ယူပြီးတော့ စစ်လည်း စစ်ခဲ့ပြီးပြီ၊ နဂ္ဂတစ် Quarantine ပြည့်အောင်လည်း နေခဲ့ပြီးပြီ ဆိုရင်တော့ ဒီရောက်ရင်တော့ Home Quarantine တပတ်ထားရပါမယ်။ လောလောဆယ်တော့ နိုင်ငံခြားက ပြန်လာတယ်၊ စစ်လည်း မစစ်လာဘူးဆိုရင် Facility Quarantine ၂၁ ရက် ထားတယ်၊ အဲဒီမှာ ပထမအကြိမ် swab ယူတယ်၊ ဒုတိယအကြိမ်ပြည့်ခါနီးမှာ swab ယူပါတယ်၊ နဂ္ဂတစ်ဖြစ်ပြီး ၂၁ ရက်ပြည့်ပြီဆိုရင် Home Quarantine ၁ ပတ် ဆက်ထားပါတယ်။”  ကျောက်ဖြူမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရတဲ့ နိုင်ငံခြားမှ ပြန်လာသူ ၁၅ ဦးသာ ရှိပြီး ၁၁ ဦးရဲ့ နမူနာတွေကို ပို့ဆောင်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိသလို မနက်ဖြန်မှာတော့ ကျန် ၄ ဦးရဲ့ နမူနာတွေကို ပို့ဆောင်စစ်ဆေးသွားမယ်လို့ ကျောက်ဖြူခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024