မလေးရှားနိုင်ငံ မြန်မာသံရုံးက တာဝန်ရှိသူအချို့ကို လဲလှယ်တာဝန်ပေးရန် စီစဉ်နေ
DVB
·
July 18, 2020
ကိုဗစ်-၁၉ ကာလအတွင်း မလေးရှားနိုင်ငံမှာရှိနေတဲ့ မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာသံရုံးက တာဝန်ရှိသူအချို့ကို လဲလှယ်တာဝန်ပေးသွားဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
မေလ ၇ ရက်နေ့ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ မြန်မာလုပ်သား ၁၁ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။
အခုသတ်သေမှုတွေဟာ အလုပ်အကိုင်ရှားပါးတာနဲ့ နေထိုင်စားသောက်ရေး အခက်အခဲတွေကြောင့်လို့ မြန်မာလူမှုကူညီရေးအသင်းမလေးရှားမှ ဦးဆန်းဝင်းက ပြောပါတယ်။
မြန်မာအစိုးရကတော့ မလေးရှားမှာ ရောက်ရှိနေတဲ့ တရားမဝင်မြန်မာလုပ်သားတွေရဲ့ အီးမေးလ်ကတဆင့် စာရင်းကောက်ခံမှုတွေရှိနေပြီး တရားမဝင်လုပ်သားတွေကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မလေးရှားအစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။