DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့မဖြစ်ရေး သန်းခေါင်စာရင်းသွင်းကြရန် ရှမ်းအလုပ်သမားများကို တိုက်တွန်း
DVB
·
May 29, 2013
နိုင်ငံမဲ့မဖြစ်ရေး သန်းခေါင်စာရင်းသွင်းကြရန် ရှမ်းအလုပ်သမားများကို တိုက်တွန်း
Donate to DVB

ထိုင်းရောက် ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံမဲ့ မဖြစ်စေရေးအတွက် လာမယ့် ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမှာ  ပါဝင် စာရင်းပေးသွင်းကြဖို့  ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက တိုက်တွန်းပြောကြား လိုက်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကွန်ဟိန်းမြို့နယ်  ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရွှေ့ပြောင်းလုပ်သမားကိစ္စနဲ့ပတ်သက်ပြီး ရောက်ရှိနေစဉ် အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_40015" align="alignleft" width="300" caption="ဒေါ်နန်းဝါနု"][/caption]

“သူတို့တွေကို သန်းခေါင်စာရင်း ကောက်ယူမှုမတိုင်မီမှာ ပြန်စေချင်ပါတယ်။ အိမ်ထောင်စုဇယား မှတ်ပုံတင်မရှိသေးတဲ့သူတွေ မှတ်ပုံတင် လုပ်စေချင်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်မယ့် မတ် ၂၉ ရက်နေ့ ကောက်ယူမယ့်အချိန် သူတို့တွေ အားလုံးကို သန်းခေါင်စာရင်းမှာ ပါစေချင်တယ်။ သူတို့အနေနဲ့ နိုင်ငံမဲ့မဖြစ်တော့ဘူးပေါ့။”

ထိုင်းနိုင်ငံတွင်းမှာ ရှမ်းပြည်နယ်အတွင်းက လာပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေဟာ ၁၉၉၄ ခုနှစ်လောက်ကတည်းက အစိုးရတပ်တွေရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ များတယ်လို့ ဆိုပါတယ်။

“ဖြတ်လေးဖြတ်ဒဏ်ကို ခံခဲ့ရတော့ ကျမတို့ ရှမ်းရွာသားတွေဟာ ရွာလုံးကျွတ် ထိုင်းဘက်ကို ပြောင်းလာရတာလည်း ရှိတယ်။ သူတို့ထွက်လာတဲ့အချိန်မှာ အိမ်ထောင်စုဇယားတို့၊ မှတ်ပုံတင်တို့တွေ မပါလာဘူး။ သူတို့လာတဲ့အချိန်မှာ စစ်ဘေးကြောင့် လာခဲ့တာဖြစ်တော့ သူတို့ကို စစ်ဘေးဒုက္ခသည်အဖြစ် လက်မခံဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လက်ခံခဲ့တာ ဖြစ်တဲ့အတွက် ဒါကလည်း အရေးကြီးပြဿနာ တရပ်ဖြစ်နေပါတယ်။”

ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ တချို့က အလုပ်သမားပတ်စပို့ ရှိကြပြီး တချို့ကတော့ ၁၀ နှစ်ခံ ကတ်တွေ ရှိကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံပြန်ဖို့ သူတို့လုံခြုံမှု ရှိ၊ မရှိကို အထူးစိုးရိမ်နေကြတယ်လို့ နန်းဝါနုက ပြောပါတယ်။

“ထိုင်းမှာ သူတို့ သက်တမ်းကုန်ဆုံးတဲ့အထိ နေမှာလား၊ သားစဉ်မြေးဆက်အထိ နေမှာလား ဆိုတဲ့ ပြဿနာလည်း ရှိတယ်။ အဲဒီအနေအထားမှာ တချို့တွေလည်း ပြန်ချင်ကြတယ်။ ဒါပေမယ့် ပြန်ဖို့ အခုအနေအထားမှာ သူတို့ကြောက်နေတာက security (လုံခြုံမှု) ရှိရဲ့လား။ သူတို့ စီးပွားရေးရော လုပ်နိုင်မှာလား၊ တကယ်တမ်း သူတို့ မွေးခဲ့တာက ရှမ်းပြည်မှာ မွေးခဲ့တာ။ ဖြစ်နိုင်ရင် သူတို့မွေးရပ်မြေကို ပြန်ချင်ကြတယ်။”

ဒါကြောင့် နေရပ်ပြန်မယ့် ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုံခြုံမှုအတွက် အစိုးရနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“ကျမတို့ အစိုးရနဲ့ ဆွေးနွေးမှရမယ်။ ပထမဆုံး အရေးကြီးတာက ကျမတို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေးရတဲ့အချိန်ကျမှ ပြည်သူတွေ ကျီးလန့်စာစားနေရတဲ့ ဘ၀ကနေ လွတ်မယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့မှုတွေ ကျမတို့ အလုံးစုံလုပ်ပေးနိုင်မှာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013