ကျွဲ၊ နွား အစမ်းတင်ပို့မှုမှ ၁ နှစ်အတွင်း အခွန်ငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရရှိ
DVB
·
July 18, 2020
ပြည်ပကို ကျွဲ၊ နွားတွေ အစမ်းတင်ပို့ခဲ့ရာကနေ ၁ နှစ်အတွင်း အခွန်ငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရရှိ မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောပါတယ်။
တိုင်းမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက “ဥရောပအခြေစိုက် တရုတ်ကုမ္ပဏီတခုကနေ ပြည်ထောင်စုဝန်ကြီးဆီကို မြန်မာနိုင်ငံကနေ နှစ်စဉ် ကျွဲ၊ နွားကောင်ရေ ၁ သန်းကနေ ၅ သန်းထိ ဝယ်ယူဖို့ စာနဲ့ကမ်းလှမ်းထားကာ ၁ နှစ် စမ်းသပ်တင်ပို့ခဲ့တာ တနိုင်ငံလုံးအတိုင်းတာနဲ့ အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရရှိခဲ့တယ်” လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း တောင်သူတွေ မွေးမြူထားတဲ့ ငါးနှစ်အထက် ကျွဲ၊ နွားတွေကို ပြည်ပကို တရားဝင်တင်ပို့ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
“မကွေးတိုင်းအတွင်းမှာ ကျပ် ၅ သိန်းကနေ သိန်း ၂၀ ထိပေါက်စျေးရှိတဲ့ ၅ နှစ်နဲ့အထက် ကျွဲနွားတွေကို ပြည်ပသို့ တင်ပို့ တဲ့ကုမ္ပဏီ(၄)ခုခွင့်ပြုထားတယ်။ ပြည်ပကို တင်ပို့မယ့် ကျွဲ၊ နွား တွေကို ကျန်းမာရေးစစ်ဆေးတာတွေ၊ ကာကွယ်ဆေးထိုးတာတွေ လုပ်ဆောင်ပြီး နွားကောင်ရေ မှတ်တမ်းတင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃ လသက်တမ်းရှိ သယ်ဆောင်ခွင့်ပါမစ် ထုတ်ပေးတာ။”
စျေးကွက်အခိုင်မာ ရှိပြီးသားမို့ တောင်သူတွေအနေနဲ့ ကျွဲ၊ နွားတွေကို ပိုမိုမွေးမြူမယ်ဆိုရင် စီပွားရေး လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်လမ်းကောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ပေါင်ဝဲမြို့နယ်က နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးသိန်းတန်က “ရာသီဥတု မမှန်လို့ သီးနှံအထွက်နှုန်းတွေ ကျဆင်းတဲ့အတွက် နွားမွေးမြူရေးလုပ်ငန်းနဲ့ တွဲဖက် လုပ်ကိုင်တာပါ။ နွားမတစ်ကောင်ကို တစ်နှစ်ကို တစ်သားနှုန်း ပေါက်ပွားကာ နွားတစ်ကောင်ကို ၁၅ သိန်းဝန်းကျင်အထိ ပေါက်စျေးရှိတဲ့အတွက် မွေးမြူရေး လုပ်ရတာ ပိုအဆင်ပြေတယ်” လို့ ပြောပါတယ်။
မင်းထီး