DVB Logo
Home
မြန်မာသတင်း
ဆွဲတင်စစ် စီမံချက် အဓိကရုဏ်း ရုံးတင်
DVB
·
May 29, 2013
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေကို မေ ၂၃ ရက်နေ့က ရုံးတင်တရားစွဲဆိုတယ်လို့ စွပ်စွဲခံရသူ ၇ ဦးရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

မေ ၂၃ ရက်က စစ်တွေမြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုပြီး မွတ်စလင်ဒုက္ခသည်စခန်းက မဆော်လေမာ၊ မာမောက်ဟာရှင်၊ ဦးစံလင်း၊ ဦးကျော်မြင့်၊ ဦးဘသာ၊ ဦးလှမြင့်တို့ကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ဓားပြမှု၊ ခြိမ်းခြောက်မှု အားပေးကူညီမှုတွေနဲ့ တရားစွဲဆိုတယ်လို့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်တခွင်မှာ အဖွဲ့ ၆၃ ဖွဲ့ ဖွဲ့စည်းပြီး လူဦးရေစာရင်းကောက်တဲ့ ဆွဲတင်စစ်စီမံချက်ကို စတင်တဲ့ ဧပြီ ၂၆ ရက်နေ့ ပထမဆုံးနေ့မှာပဲ စစ်တွေမြို့က သက်ကယ်ပြင်ကျေးရွာ မွတ်စလင်ဒုက္ခသည်စခန်းမှာ ပြဿနာဖြစ်တာပါ။

မဆော်လေမာလို့ ခေါ်တဲ့ မွတ်စလင်အမျိုးသမီးက သူဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ ပြောတာကို စာရင်းကောက်တဲ့အဖွဲ့က ဘင်္ဂါလီလို့ စာရင်းသွင်းဖို့လုပ်ရာ အချေအတင်စကားများရာက အစပြုလို့ အဓိကရုဏ်းဖြစ်ခဲ့တာပါ။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရှေ့နေဦးလှမျိုးမြင့်က “ပညတ်ပဲဗျ။ သူပြောချင်တာပြောလေ၊ ဆုံးဖြတ်ပိုင်ခွင့်ကို တားတဲ့အဖွဲ့က ပေးပိုင်ခွင့်မှမရှိဘဲ။ နောက်ဆုံး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာက အဖွဲ့နဲ့ ဆုံးဖြတ်ရတာ၊ ဒီကိစ္စတွေကို၊ ဆုံးဖြတ်ပိုင်ခွင့်ကလည်း နောက်ဆုံးအဆင့်ရောက်မှလုပ်တာ။ ရဲကရေးပြီး တင်ပြလိုက်ရင် ဒီလောက်ကြီး ပြဿနာမရှိဘူး။ အဲဒါကို အတင်းအဓမ္မကောက်တယ်လို့ ပြောတာပဲ။” လို့ ဆိုပါတယ်။

တရားစွဲဆိုခံရသူတွေဘက်က ပြောဆိုချက်အရ စကားများတဲ့အခါ ၀န်ထမ်းတဦးက ပါးရိုက်တယ်၊ ဒီနောက် ကလေးတွေ ၀ိုင်းအုံပြီး ဆွဲတင်စစ်အဖွဲ့ကို ခဲနဲ့ ၀ိုင်းပေါက်တယ်။ အဲဒီကလေးတွေဟာ ကျောင်းလွှတ်ချိန်နဲ့ တိုက်ဆိုင်ဖြစ်တာဆိုပြီး ပြောဆိုကြပါတယ်။

ခဲနဲ့ ၀ိုင်းပေါက်တဲ့အတွက် အမှုဖွင့်တိုင်ကြားတဲ့ လ၀ကဦးစီးမှူး ဦးရန်အောင်မြင့်အပါအ၀င် အဖွဲ့လိုက် ထွက်ပြေးရာမှာ လက်ကိုင်တယ်လီဖုန်းကို အုပ်စုလိုက် ၀ိုင်းလုတယ်လို့ တိုင်ကြားထားပြီး  တရားစွဲခံရသူတွေကတော့ ကျကျန်ရစ်တာလို့ ပြောပါတယ်။

ခဲနဲ့ ပစ်ပေါက်မှုကြောင့် စာရင်းကောက်အဖွဲ့မှာပါတဲ့ အမှတ် ၃၇၃ အမြောက်တပ်က ဗိုလ်မှူးမင်းဝေကျော်၊ အမှတ် ၁ ရဲစခန်းက ဒုရဲအုပ် တေဇာဝင်း ဦးစီးတဲ့ ရဲလုံခြုံရေး အဖွဲ့ကို အင်အား ၁၀၀ ခန့်က တုတ်၊ ဓား၊ ခဲတွေနဲ့ ရောက်ရှိဝိုင်းပြီး ဆွဲတင်စစ်လုပ်ငန်း လုပ်ဆောင်ချက်တွေကို ထုရိုက်၊ ခဲနဲ့ပစ်ပေါက်တယ်လို့ တိုင်ထားပါတယ်။

ခဲနဲ့ ပစ်ပေါက်လို့ အမြောက်တပ်က တပ်ကြပ်ကြီးဝင်းအောင် ဦးခေါင်းဒဏ်ရာရပြီး ရခိုင်ကိုယ်စားလှယ် ဦးထွန်းလှအောင် နောက်ကျောဘက်ခြမ်း ပေါက်ပြဲဒဏ်ရာရကာ၊ လ၀ကမှူး ဦးစိုင်းမြင့်သူက ညာဘက်ခါး နာကျင်ပြီး ညာလက်ပေါက်ပြဲတယ်လို့ တိုင်ကြားပါတယ်။ ဒီနောက် တပ်က သေနတ် ၁ ချက် ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။

ဒါအပြင် တရားခံပြေးအဖြစ် လိုက်ဖမ်းနေဆဲဖြစ်တဲ့ နောက်ထပ် ၂၄ ဦးကိုလည်း ပြစ်မှုအထွေထွေနဲ့ တရားရုံးမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ တရားစွဲခံရတဲ့အထဲက ဦးကျော်မြင့်ဟာ စစ်တွေမြို့နယ် ကြံ့ခိုင်ရေးပါတီရဲ့ အလုပ်အမှုဆောင်ဖြစ်ပြီး သားဖြစ်သူ ဦးလှမြင့်ကလည်း ပြည်ခိုင်ဖြိုးပါတီက ဖြစ်ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ တရားစွဲခံရတဲ့ မိသားစုဝင်နဲ့ ပြည်ခိုင်ဖြိုးပါတီက အကူအညီ တောင်းတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေကွန်ရက်ကလည်း တာဝန်အပ်နှင်းလို့ လိုက်ပါဆောင်ရွက်တာလို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

“အဓိက ကျနော်လုပ်ပေးတာက တရားဥပဒေစိုးမိုးရေးအတွက်လုပ်တာ။ အန်အယ်လ်ဒီပါတီရဲ့ အဓိက လုပ်ငန်းက တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေနဲ့ ပတ်သက်လာရင် အမှန်အတိုင်းဖြစ်ဖို့။ ဘယ်သူရယ် ဘယ်ဝါရယ်၊ ဘာသာ၊ လူမျိုး မခွဲခြားဘဲ လူ့အခွင့်အရေးကို သူတို့ခံစားခွင့်ရှိအောင် ကူညီတဲ့သဘောနဲ့ ဆောင်ရွက်ပေးတာလေ။”

လာမယ့် ဇွန် ၆ ရက်နေ့မှာ ရုံးချိန်းထားတယ်ဆိုပေမယ့် ကနဦးဆုံး တရားခံပြေးတွေရဲ့ အမှုကို အရင်စစ်ဆေးဖို့နဲ့ သူတို့ ထွက်ပြေးတယ်ဆိုတာ အတည်ပြုရမှာကြောင့် ဇွန်လကုန်ပိုင်း လောက်ကျမှ စစ်နိုင်ဖွယ်ရှိတယ်လို့ ဦးလှမျိုးမြင့်က ခန့်မှန်းပါတယ်။

အစိုးရက အကောင်အထည်ဖော်တဲ့ ဆွဲတင်စစ်စီမံချက်ဟာ စစချင်းရက်မှာပဲ ပြဿနာဖြစ်ပြီး ရပ်နားခဲ့ရပေမယ့် ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဦးလှသိန်းက ပြောကြားထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013