DVB Logo
Home
မြန်မာသတင်း
ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
DVB
·
May 29, 2013
ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
Donate to DVB

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အတက်ကြမ်းခဲ့တဲ့ အကျိုးဆက်ကြောင့် ကုန်စည်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာခြင်းဟာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အပေါ် ဈေးနှုန်းကြီးမြင့်တဲ့ အကျိုးကို ခံစားနေရပါတယ်။

“အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းခဲ့တာက  import လုပ်တဲ့ သွင်းကုန်ပစ္စည်းမှန်သမျှ ဈေးတက်ခဲ့တာကြောင့်ပါ။ အဓိကက နိုင်ငံခြားကနေ ဒေါ်လာနဲ့တင်သွင်းရတဲ့ ဒီဇယ်၊ဓါတ်ဆီ စက်သုံးဆီတွေရဲ့ ဈေးနှုန်းကလဲ တက်သွားလို့ သယ်ယူပို့ဆောင်တဲ့ကုန်ကျစရိတ်အပါအ၀င် ထုတ်လုပ်တဲ့စရိတ်တွေပါ မြင့်သွားရတယ်။ ဒီအကျိုးသက်ရောက်မှုက စားသုံးသူနဲ့လုပ်ငန်းရှင်အပေါ်မှာ ထိခိုက်မှုရှိစေပါတယ်” လို့ ကုန်သည်အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ၁ ဒေါ်လာကို ၈၇၅ ကျပ်ရှိခဲ့သော်လည်း မေလဆန်းကစပြီး နေ့စဉ်နီးပါး တန်ဖိုးမြင့်တက်လာခဲ့ရာ မေလ၂၉ ရက် နေ့မှာ ကျပ် ၉၄၆ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ ဒေါ်လာနဲ့တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေအားလုံး ဈေးတက်ခဲ့သလို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းလည်း မြင့်တက်မှုရှိပါတယ်။

“ဒေါ်လာဈေးနှုန်းက အခုလို အတက်ကြမ်းခဲ့တာကြောင့် လူတွေအနေနဲ့ ဒီ shock ကို မခံနိုင်ကြဘူး။ပြီးတော့ ဒီအကျိုးသက်ရောက်မှုက သွင်းကုန်အပေါ် တခုတည်းကိုပဲ သက်ရောက်တာမဟုတ်တော့ဘူး။ ပြည်တွင်းမှာ ရှိတဲ့ industry တခုအပေါ်လုံးမှာ သက်ရောက်မှုရှိတာပါ။ ဘာလို့လဲဆိုတော့ အခုက အကုန်လုံး တခုနဲ့ တခု အပြန်အလှန် ချိတ်ဆက်မှုရှိနေတာဖြစ်လို့ တခုဖြစ်တာနဲ့အကုန်လုံး ထိတာ။ စီးပွားရေးလုပ်တဲ့နေရာမှာ အရောင်းအ၀ယ်ကို ကြိုတင်ဟောကိန်းတော့ ထုတ်လို့မရပေမယ့် ဒီပစ္စည်းကို ဘယ်လောက်ထုတ်မယ်၊ ဘယ်လောက်နဲ့ရောင်းမယ်ဆိုပြီးတော့ လုပ်ကြတာရှိပါတယ်။ ဒါပေမယ့် အခုတော့ ဒါတွေအားလုံး ကမောက်ကမတွေ ဖြစ်ကုန်တယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

ဒါကြောင့် မမျှော်လင့်ဘဲ အခုလိုဖြစ်တာဟာ တော်တော်လေး ထိန်းရသိမ်းရ ခက်တဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

“ကုန်သည်အနေနဲ့ ယခင်က ၁ ဒေါ်လာကို ကျပ် ၈၀၀ ကျော်နဲ့ ၀ယ်နိုင်ပေမယ့် အခု အဲဈေးနှုန်းနဲ့ မ၀ယ်နိုင်တော့လို့ ပစ္စည်းမသွင်းနိုင်တဲ့အပြင် နိုင်ငံခြားငွေကိုလည်း ကျုံ့သွားစေပါတယ်။ ဒီ့အတွက် အကျိုးသက်ရောက်မှုက ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာတာပဲ ဖြစ်ပါတယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းလာတာကြောင့် မြန်မာ့စီးပွားရေးအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

“ကျနော်မြင်တာကတော့ ဒီမှာဒေါ်လာ inflation ဖြစ်ဖို့ ဦးတည်နေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ဒေါ်လာနဲ့ ချိတ်ဆက်ပြီး လုပ်ရတာက များတယ်လေ။ ကုန်သွယ်မှုကလဲ တက်လာတယ်။ အခုက မြန်မာကျပ်ငွေတန်ဖိုးက deflection ဖြစ်ဖို့ များလာလို့ မြန်မာပြည်သူတွေအတွက် မကောင်းဘူး။ အိတ်စပို့အတွက်ကောင်းတယ်လို့ ပြောကြပေမယ့် သူ့အတွက်လဲ မကောင်းဘူး။ ဘာလို့လဲဆိုတော့ သူက ကျပ်ငွေတန်ဖိုးကျရင် အိတ်စပို့ကို မြှင့်တင်နိုင်မယ်လို့ထင်တာကို။ ဒါပေမယ့် ကိုယ့်ရဲ့အိတ်စပို့စ်က ၀ယ်လိုအားရှိတဲ့ အိတ်စပို့စ်မဟုတ်ရင် နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာ့စီးပွားရေးအပေါ် ဒေါ်လာရဲ့အကျိုးသက်ရောက်မှုက အနုတ်လက္ခဏကို ပြနေတယ်။”

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်အကြမ်းလာတာကို ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ဖြေရှင်းမှသာ ယင်းပြဿနာမှာ ပြေလည်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာမောင်မောင်စိုးက “ဒီကိစ္စက မဖြေရှင်းရင် ပြီးမှာမဟုတ်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်အနေနဲ့ သူဝင်ပါမှာမဟုတ်တဲ့အကြောင်းနဲ့ ဈေးကွက်သဘောအရ သူသဘာဝ သဘောအတိုင်း ဖြစ်တာလို့ ပြောတယ်။ ဒါကြောင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုဘဲပြောပြော သူကိုယ်တိုင်က မဖြေရှင်းရင် ဘာမှလုပ်လို့မရဘူး။ အမှန်တော့ သူ့အနေနဲ့ ဒါကို care လုပ်ရမှာပါ။ ပြီးတော့ ဒေါ်လာဈေးနှုန်း အတက်အကျက ရိပ်ခနဲရိပ်ခနဲ ဖြစ်တာလဲမကောင်းတဲ့လက္ခဏာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013