Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများကျဆင်း 
DVB
·
July 17, 2020
မြန်မာနိုင်ငံမှာ ကြက်သွန်နီအများဆုံး စိုက်ပျိုးရာဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ ဆိပ်ဖြူမြို့ ကြက်သွန်နီ ကုန်စည်အဝယ်ဒိုင်က သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလပိတ်ထားတဲ့ ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီ ကုန်စည် အဝယ်ဒိုင်ကို ဇွန်လ ၁၄ ရက်က  ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ  ပြန်လည် ဖွင့်ခွင့် ရရှိခဲ့ပါတယ်။ ကုန်စည်ဒိုင်ပြန်စဖွင့်ချိန်မှာ ကြက်သွန်နီ တစ်ပိဿာကို အလုံးကြီး ၄၄၀ ကျပ်၊ လုံးလတ် ၄၃၀ ကျပ်နဲ့ လုံးသေး ၄၂၀ ကျပ် ပေါက်ဈေးနဲ့  ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့အခု တလလောက် အကြာမှာ ကြက်သွန် ဈေးတွေ သိသိသာသာ ကျဆင်းသွားပါတယ်။ ဇူလိုင် ၁၆ ရက်က ဆိပ်ဖြူမြို့ကြက်သွန်နီ ကုန်စည်အဝယ်ဒိုင်မှာ ကြက်သွန်နီ လုံးကြီး တစ်ပိဿာကို  ၃၇၀ ကျပ်၊ လုံးလတ် ၃၅၀ ကျပ်၊ လုံးသေး ၃၃၀ ကျပ် ပေါက်ဈေး ဖြစ်ခဲ့ပြီး ကြက်သွန်နီကုန်ချိန် ပိဿာ ၁၀၀၀၀ လောက်သာ  တောင်သူတွေက လာရောက်ရောင်းချတယ်လို့ ကုန်စည်ဒိုင်က သိရပါတယ်။ ဆိပ်ဖြူမြို့ ကြက်သွန်နီအဝယ်ဒိုင်မှ ဦးသိန်းဝင်းက "ဒီကိုဗစ်ကာလနဲ့ကျတော့ တောင်သူတွေက ငွေလိုနေတာဖြစ်သွားပြီလေ။ ကိုဗစ်ကာလက ဒီလောက်ကြာတော့ စားဝတ်နေရေးကြောင့် ရောင်းရတာ။ ဖြစ်နေတဲ့ ဈေးတန်းတွေကို လိုက်ချ ရောင်းနေတာ။ ပြည်ပထွက်ကုန်ကလည်း မရှိဘူး။ ရန်ကုန်မှာလည်း လုံးလုံးတပ်ပျက်နေတာ။ ရောင်းလို့ဝယ်လို့ မကောင်းဘူး။ ရောင်းလိုအားထက် ဝယ်လိုအားက မရှိတော့ဘူးလေ။ "လို့ ပြောပါတယ်။ အရင်နှစ်တွေက အခုလိုကာလတွေမှာ ပြည်ပထွက်ကုန်မရှိလည်း ပြည်တွင်းမှာ ရဟန်းခံ ရှင်ပြုနားသအလှူ‌တော် မင်္ဂလာပွဲ၊ မင်္ဂဆောင်ပွဲ၊ ကထိန်အလှူတော်ပွဲတွေ ဒေသဘုရားပွဲတွေ ကျင်းပတာကြောင့် ပြည်တွင်းရောင်းလိုအားကောင်းတဲ့ကာလ ဖြစ်​ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေတဲ့အတွက် ပွဲတွေကျင်းပခွင့်မရှိလို့  ပြည်တွင်း ကြက်သွန်နီအရောင်းအား မရှိသလောက်ကျဆင်းရပြီး တောင်သူတွေ ထက်ဝက်နီပါးလောက် အရှုံးပေါ်နေတယ်လို့ သိပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024