မောင်တောဆေးရုံက ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ ၅ ဦး ဆေးရုံမှဆင်းခွင့်ရ
DVB
·
July 17, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး မောင်တောပြည်သူဆေးရုံမှာ ဆေးကုသခံမှုခံယူခဲ့သူ ၅ ဦး ရောဂါကင်းစင်လို့ ဆေးရုံမှ ဆင်းခွင့်ရရှိထားပြီလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။
ရောဂါပိုးမတွေ့ရတဲ့အတွက် မောင်တောဆေးရုံမှ ပထမအကြိမ်ဆင်းခွင့်ရရှိခဲ့တဲ့ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇ တို့ ၃ ဦးဖြစ်ပြီး ယခု ဒုတိယအကြိမ်မှာ လူနာအမှတ်၂၉၁၊၂၄၈ တို့ ဆေးရုံမှ ဆင်းခွင့်ရရှိတာဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒေါက်တာနုကေသီစံက "လူနာအမှတ်၂၉၁ နဲ့ လူနာအမှတ် ၂၄၈ တို့ နှစ်ဦးကို စစ်ဆေးရာမှ နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့အတွက် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်။ ပထမအကြိမ် က သုံးဦးဆင်းခွင့်ရခဲ့တယ်။ အခု ဒုတိယအကြိမ် နှစ်ဦး အားလုံး ငါးဦး ဆေးရုံကဆင်းခွင့်ရရှိခဲ့ပါပြီ။ ဆေးကုသပြီး လေး ဦးကျန်နေပါသေးတယ်။ ကျန်းမာရေးကကောင်းမွန်ပါတယ်။ သူတို့အားလုံးကိုတော့ လှဖိုးခေါင်မှာ ၇ ရက် Facility Quarantine အဖြစ်ထားရှိထားပါသေးတယ်။”လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သံတွဲ ၁ ဦး၊တောင်ကုတ် ၁ ဦး၊ စစ်တွေ ၁ ဦး၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး စုစုပေါင်း ၁၄ ဦးရှိခဲ့တာဖြစ်ပါတယ်။
ဆေးရုံဆင်းခွင့်ရတဲ့ လူနာတွေမှာ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ်၂၃၄၊ ၂၄၄၊ ၂၄၇၊၂၉၁၊၂၄၈နှင့် ဘူးသီးဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ နှင့် စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ စုစုပေါင်း ၁၀ ဦးဆေးရုံမှ ဆင်းခွင်ရရှိထားပြီး မောင်တောခရိုင်ပြည်သူဆေးရုံတွင် ၄ ဦးကျန်ရှိနေပါသေးကြောင်းသိရပါတယ်။
ကျန်ရှိတဲ့ ၄ ဦးထဲက မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ၂ ဦးကတော့ စစ်ဆေးချက်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ ရောဂါ မပျောက်သေးဘဲ postive တွေ့ရှိနေကြောင်း ဒေါက်တာနုကေသီစံက ပြောပါတယ်။
သတင်း - လင်းလက်