ကယားပြည်နယ် မြို့ဝင်/ထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု ရုပ်သိမ်း
နော်နိုရင်း
·
July 17, 2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကယားပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်တွေမှာ ချမှတ်ထားတဲ့ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုတွေကို ဇူလိုင် ၁၆ ရက်ကစပြီး ပြည်လည်ရုပ်သိမ်းလိုက်ပါတယ်။
ပြည်ထောင်စုနဲ့ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီအဆင့်ဆင့်က ညွှန်ကြားလာသလို နိုင်ငံအတွင်း ကူးစက်မှုမရှိတဲ့အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေကို ရုပ်သိမ်းလိုက်တာလို့ လွိုင်ကော်မြို့နယ် အုပ်ရေးချုပ်မှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။
“လွိုင်ကော်မြို့နယ်အနေနဲ့က ဒီဂိတ် ၃ ဂိတ်ကို ကျန်းမာရေး စစ်ဆေးမှုတွေကို ယာယီ ဖြုတ်သိမ်း လိုက်တာပေါ့နော်။ ကျနော့်အနေနဲ့ ပြောရရင်တော့ လွိုင်ကော်မှာပဲဖြစ်ဖြစ်၊ ပြည်မမှာပဲဖြစ်ဖြစ် ရောဂါ ထပ်ဖြစ်တယ်လို့ ကြားရင်တော့ လိုအပ်ရင် ပြန်ထားဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ကျန်တဲ့ရဲတွေ၊ လဝကတို့၊ ထွေအုပ်တို့၊ သူ့ကဏ္ဍအလိုက်ကတော့ အဲဒီဝန်ထမ်းတွေကတော့ ဆက်ရှိနေဦးမှာပေါ့။”
လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်ဂိတ် ၃ ဂိတ်ဖြစ်တဲ့ ထီးစခန်းပူးပေါင်း စစ်ဆေးရေးဂိတ်၊ ပီကင်း-ကောခူ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဆောင်ကန်းဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ပြည်နယ်အတွင်းရှိ ၇ မြို့နယ်ထဲက နယ်စပ်နဲ့ ထိစပ်နေတဲ့မြို့နယ်တွေကတော့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ဆက်လက် ထားရှိဦးမယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ် အုပ်ရေးချုပ်မှူး ဦးရန်နိုင်ဝင်းက“ကျန်တဲ့မြို့နယ်တွေကတော့ နှစ်နိုင်ငံ ဆက်နေတဲ့နေရာတွေကတော့ ပိတ်လို့မရသေးဘူး။ အဲဒီမှာလူဝင်လူထွက်က ရှိနေမှာကို၊ ရှိနေတော့ နှစ်နိုင်ငံထိစပ်နေတဲ့ ဂိတ်တွေကလွဲလို့ ကျန်တဲ့ ဂိတ်တွေအကုန်လုံး၊ ဒါကတော့ တနိုင်ငံလုံးအနေအထားပါပဲ။ ဘာကြောင့်လဲဆိုတော့ မနက် ၈ ည ၈ သတင်းတွေမှာလည်း local မှာ မရှိနိုင်လောက်တော့ဘူးလို့ ယူဆတယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ ပိုးတွေ့တဲ့လူတွေက ပြည်ပပြန်တွေပဲဖြစ်နေတာကိုး၊ အဲတော့ ကျနော်တို့ အဓိက ထားပြီးတော့ တားဆီးရမှာက ပြည်ပပြန်တွေကို စနစ်တကျနဲ့ Quarantine center တွေကို ပို့နိုင်ဖို့ပဲ။”လို့ ပြောပါတယ်။
ဇူလိုင် ၁၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၃၉ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၇၀ ဦးနဲ့ ဒီအထဲက ၂၅၃ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တနိုင်ငံလုံးမှာ ပိုးတွေ့လူနာ ၃၃၉ ဦးရှိပေမဲ့ ကယားပြည်နယ်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ မရှိသေးတဲ့ တခုတည်းသောပြည်နယ်ဖြစ်ပါတယ်။
ကယားပြည်နယ်က မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုတော့ ၂ လထပ်တိုးထားပါတယ်။