ကမ္ဘာကျော် မော်လ်ဒိုက်အပန်းဖြေစခန်းများ ပြန်ဖွင့်ပြီ

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ရတဲ့ ကမ္ဘာကျော် မော်လ်ဒိုက် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိတဲ့ မော်လ်ဒိုက်ကျွန်းနိုင်ငံဟာ ကမ္ဘာ့ဒေသအနှံ့အပြားက ထင်ရှားကျော်ကြားသူဆယ်လီတွေ၊ ဟန်းနီးမွန်းခရီးထွက်သူ စုံတွဲတွေကြား ထင်ရှားပြီး သေးငယ်တဲ့ သန္တာကျောက်တန်းကျွန်းငယ်ပေါင်း ၁၁၉၀ ရှိတဲ့ အပူပိုင်းကျွန်းနိုင်ငံ တခု ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကတော့ မော်လ်ဒိုက်နိုင်ငံရဲ့ အဓိကဝင်ငွေရရှိတဲ့ လုပ် ငန်းတခုဖြစ်နေပါတယ်။ လတ်တလော နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ လာရောက်ခွင့်ပြုလိုက်ပြီး နောက်မှာတော့ ခရီးသည် ၁၀၄ ယောက် လိုက်ပါလာတဲ့ ကာတာလေကြောင်းလိုင်းဟာ မော်လ်ဒိုက်မြို့တော် မာလီမြို့ကို ဆိုက်ရောက်ခဲ့ချိန်မှာ  ရေတွေနဲ့ ဖြန်းပက်ပြီး ဂုဏ်ပြု ဆိုခဲ့ကြပါတယ်။ မော်လ်ဒိုက်စီးပွားရေးဝန်ကြီး ဖေးယက်ဇ် အစ္စမေးလ်က “ကျနော်တို့ရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အစီအမံတွေ ပိုအားကောင်းလေလေ၊ ကို ရိုနာဗိုင်းရပ်စ်အန္တရာယ်အတွက် စိတ်ချရတဲ့ ခရီးစဉ်အဖြစ် ကျနော်တို့ ဂုဏ်ပြုခံရမယ့် အခွင့်အရေး ပိုကောင်းလေလေပါပဲ။ နယ်စပ်လော့ခ်ဒေါင်းပြန်ချရမယ်လို့လည်း မထင်ပါဘူး” လို့ ပြောပါတယ်။ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေအနေနဲ့ ကိုရိုနာဗိုင်း ရပ်စ်နဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်း တစုံတရာပြဖို့မလိုဘဲ ကိုယ်ပူတာ၊ ချောင်းဆိုးတာစတဲ့  လက္ခဏာတွေပြတဲ့ ခရီးသွားတွေကိုတော့ အခမဲ့ စစ်ဆေးပေးသွားမှာဖြစ်ကာ နိုင်ငံတွင်းက ပြန်လည်ထွက်ခွာချိန်မှာလည်း ဗိုင်းရပ်စ် အခမဲ့စစ်ဆေး ပေးမှာဖြစ်တယ်လို့ မော်လ်ဒိုက် ခရီးသွားဝန်ကြီးဌာနက ဆိုပါတယ်။ လတ်တလောမှာတော့ မော်လ်ဒိုက်နိုင်ငံရဲ့ အပန်းဖြေစခန်း ၁၅၉ ခုထဲက ၃၃ ခုကို ဇူလိုင်လ ၁၅ ရက်နေ့တည်းက ဖွင့်လှစ်ထားပြီဖြစ်ကာ တချို့အပန်းဖြေစခန်းတွေကိုတော့ ကြိုတင်ဘွတ်ကင်လက်မခံသေးဘူးလို့ ဆိုပါတယ်။ လူဦးရေ ၃၄၀,၀၀၀ ရှိတဲ့ မော်လ်ဒိုက်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၀၀ ကျော် ရှိခဲ့ပြီး ၁၄ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြန်လည်ဖြေလျှော့ခွင့်ပြုလိုက်တဲ့အပေါ် ကာတာလေကြောင်းလိုင်းနဲ့အတူ တခြားနိုင်ငံတကာ လေကြောင်းလိုင်းတွေဖြစ်ကြတဲ့ SriLankan Airlines ၊ Emirates နဲ့ Etihad လေကြောင်းလိုင်းတွေကလည်း ဇူလိုင်လထဲမှာ ပြေးဆွဲဖို့ ပြင်ဆင်နေပါတယ်။ အစိုးရ စာရင်းဇယားတွေအရ မော်လ်ဒိုက်နိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကမ္ဘာ လှည့်ခရီးသွားဦးရေ ၁ ဒသမ ၇ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up