Home
မြန်မာသတင်း
ဒေးဒရဲမြို့က ကျောင်းဆရာအမှု အကြိမ် ၅၀ မြောက်ရုံးထုတ် 
DVB
·
July 16, 2020
ကျောင်းမြေ လန ၃၉ လိမ်လည် လျှောက်ထားတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် လေးကျေးရွာက ကျောင်းဆရာအမှုကို ဇူလိုင် ၁၅ ရက်က အကြိမ် ၅၀ မြောက်ရုံးချိန်းအဖြစ် မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူကို သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ မနေ့က ရုံးချိန်းမှာ ဒေးဒရဲမြို့နယ်တရားသူကြီး ဒေါ်ရတနာဖြိုးဝေက ဒေးဒရဲမြို့နယ် လေးကျေးရွာ ကျောင်းဆရာအမှုကို ၂ နှစ်နီးပါကြာမြင့်လာပြီဖြစ်လို့ နှစ်ဘက်ရှေ့နေတွေ ညှိနှိုင်းပြီး အမြန်ဆုံး အမှုပြီးပြတ်အောင် စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “ဒီနေ့ရုံးချိန်ထိဆို ၅၀ ရှိပါပြီ၊ တရားခံတွေကို ဆွဲချက်တင်ပြီးတော့ ပြန်ခေါ်သက်သေ စစ်နေတဲ့ အဆင့်ကို ရောက်နေပါပြီ၊ ပြန်ခေါ်သက်သေစစ်ဆေးတဲ့ အဆင့်ဖြစ်လို့ တရားခံဘက်က ခံပြသက်သေစာရင်း တင်ပြရခြင်းမရှိသေးတော့ ခံပြတင်မယ့်ဦးရေ မသိသေးလို့ အမှုကိုအပြီးစစ်ဆေးမယ့်နေ့ရက်ကိုတော့ တိတိကျကျမပြောနိုင်သေးပေမယ့် အမှုကို အမြန်ဆုံးပြီးပြန်အောင် နှစ်ဘက်ရှေ့နေတွေနဲ့ ညှိနှိုင်းပြီး စစ်ဆေးဆောင်ရွက်သွားမှာပါ” အမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ပုဒ်မ ၄၀၂၊ ၄၆၈ စတဲ့ပုဒ်မတွေနဲ့ လေးကျေးရွာ ကျောင်းဆရာနဲ့ ကျောင်းအကျိုးတော်ဆောင်တို့ကို စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၄၆ ကြိမ်မြောက် ရုံးချိန်းဖြစ်တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှာ ဒေးဒရဲမြို့နယ်တရားရုံးက စွဲချက် တင်ဖို့အတွက် အမိန့်ချမှတ်ခဲ့တာပါ။ လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်အမှုမှာ ၁ နှစ်နဲ့ ၁၁ လကြာမြင့်လာတာနဲ့ ပတ်သက်ပြီး အမှုမှာ တရားခံ ၂ ဦးကို အာမခံပေးတဲ့ အမိန့်ကို တရားလိုဘက်က မကျေနပ်လို့ ခရိုင်တရားရုံး တိုင်းဒေသကြီးတရားလွှတ်တော်အဆင့်ဆင့်ကို အယူခံတက်ရောက်တာတွေနဲ့ တရားလိုနဲ့ လိုပြသက်သေစစ်ဆေးတဲ့အခါ သက်သေခံစာရွက်စာတမ်းတင်သွင်းခြင်းအပေါ် ကန့်ကွက်တာတွေရှိလို့ ကြားဖြတ်အမိန့်တွေ အကြိမ်ကြိမ်ချမှတ်ရတာတွေကြောင့် ကြာမြင့်ရ တာလည်းဖြစ်တယ်လို့ မြို့နယ်တရားသူကြီးက ပြောပါတယ်။ “အမှုကြာတာက တရားခံတွေကို အာမခံပေးတော့ တရားလိုဘက်က အယူခံတက်တာနဲ့ သက်သေခံစာရွက်စာတမ်းတင်သွင်းခြင်းကို ကန့်ကွက်လို့ ကြားဖြတ်အမိန့်တွေကို အကြိမ်ကြိမ် ချမှတ်ရတာတွေနဲ့ လိုပြသက်သေတွေ မလာတဲ့ ရုံးချိန်တွေကြောင့် အမှုက ကြာမြင့်သွားရတာ ဖြစ်ပါတယ်။” လက်ရှိအချိန်မှာ အမှုနဲ့ ပတ်သက်ပြီး ရောက်ရှိနေတဲ့ အဆင့်ကတော့ တရားခံတွေကို စွဲချက်တင်ပြီး ပြန်ခေါ်သက်သေစစ်ဆေးနေပြီဖြစ်ပြီး တရားခံဘက်က ခံပြသက်သေစာရင်း တင်ပြရခြင်းမရှိသေးလို့ အမှုကို အချိန်ဘယ်လောက်ကြာစစ်ဆေးမယ်ဆိုတာကိုတော့ တိတိကျကျ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ လေးကျေးရွာ ကျောင်းဆရာနဲ့ အကျိုးတော်ဆောင်ကော်မတီဝင် တရားစွဲခံရတာနဲ့ ပတ်သက်ပြီး မတရားတရားစွဲဆိုခံရတာလို့ဆိုပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ပညာရေးဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒေးဒရဲမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024