DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်မှုအားနည်းနေ
DVB
·
July 16, 2020
ဘူးသီးတောင်မြို့နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်မှုအားနည်းနေ
Donate to DVB

ကိုဗစ်-၁၉ လူနာ ၄ ဦးအထိတွေ့ရှိထားတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်တွေကို လိုက်နာမှု အားနည်းနေတယ်လို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး  ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

"လက်ရှိမှာ ဘူးသီးတောင်မြို့နယ်အနေနဲ့ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေကို CSO တွေ INGO တွေနဲ့လက်တွဲပြီး စဉ်ဆက်မပြတ်လုပ်ဆောင် နေပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ကတော့ လိုက်နာမှုအားနည်းနေတာ တွေ့နေရပါတယ်။ အစကတည်းက လက်ဆေးဖို့ အလေ့အကျင့်မရှိကြဘူး။ Mask တပ်ဖို့ အလေ့အကျင့်မရှိဘူး။ ဒါတွေကို အသိပညာပြန့်ပွားအောင် လုပ်ဆောင်ဖို့လိုပါတယ်။"လို့ ပြောကြားပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး ပညာပေးမှုနဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ဆောင်ချက်တချို့မှာလည်း အားနည်းချက်တွေ ရှိနေသေး တယ်လို့ ဒေသခံတွေကလည်း  ဝေဖန်ပြောဆိုနေကြပါတယ်။

ဘူးသီးတောင်မြို့ စျေးကြီးထဲမှာ ဆေးဆိုင်ရောင်းတဲ့ ကိုရှော်ဖိလ်က "စာတတ်တဲ့လူတွေက နားလည်ပါတယ်။ ဖုန်းတွေ ဘာတွေကြည့်တတ်တဲ့သူတွေ facebook တွေ ကြည့်တတ်တဲ့သူတွေက နားလည်နိုင်ကြတယ်။ တချို့လူတွေက စာမတတ်တဲ့လူတွေက ဘာမှ နားမလည်ကြပါဘူး။ အဓိက လိုအပ်နေတာက နယ်ကကျေးရွာတွေကို INGO အဖွဲ့အစည်းတွေ အနေနဲ့ကွင်းဆင်းပြီး ကိုဗစ်ရောဂါဆိုတာ ဘယ်လို ဘယ်လိုကာကွယ်ရမယ်ဆိုတာ လူတွေ နားလည်အောင် ဗီဒီယိုတွေနဲ့ ရှင်းပြပေးရမယ်။ မိမိတို့ ဘာသာစကားနဲ့ နားလည်အောင်ပြောပြ ရမယ်။ အခုက လော်စပီကာနဲ့ လိုက်အော်နေလို့ လူတွေ နားမလည်နိုင်ပါဘူး။ လက်ကို ဘယ်လိုဆေးရမယ်။ Mask ကို ဘယ်လိုအသုံးပြုမယ် စတာတွေ အသိပညာပေးဖို့ လိုအပ်နေတယ်" လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့မစျေးကြီးအတွင်း Mask မတပ်ရင် မဝင်ရလို့ စည်းကမ်းသတ်မှတ်ထားပေမဲ့ Mask မတပ်ဘဲ စျေးရောင်းဝယ်ယူနေသူတွေ များစွာရှိနေပါတယ်။

ဘူးသီးတောင်မြို့က ဆန်ပွဲရုံမှာ လုပ်ကိုင်နေတဲ့ မဝေဝေအောင်က "ဒီကိုဗစ်ရောဂါက ကမ္ဘာ့ ကပ်ရောဂါဖြစ်နေတဲ့အတွက် ရောဂါကူးစက်မှုများလာမှကို အလွန် စိုးရိမ်မိတယ်။ ဒါကြောင့် အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘူး။ အလုပ်အကိုင်တွေတောင် မလုပ်ဝံ့ဘူး”လို့  ပြောပါတယ်။

ဘူးသီးတောင်မြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူ ၄ ဦးအနက် ၂ ဦးမှာ မောင်တော ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြပြီး ဘူးသီးတောင်ပြည်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာအမှတ် ၂၅ဝ၊ ၂၆၂ တို့မှာ Negative ၂ ကြိမ် တွေ့ထားပြီး ဆေးရုံမှ ဆင်းခွင့် ရရှိထားပေမယ့် ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ဆက်လက်ထားရှိတယ်လို့ ဘူးသီးတောင်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ  သံတွဲမှာ  ၁ ဦး ၊ တောင်ကုတ် ၁ ဦး၊  စစ်တွေ ၁ ဦး၊ ဘူးသီးတောင် ၄ ဦး ၊ မောင်တော ၇ ဦး စုစုပေါင်း ၁၄ ဦးရှိခဲ့ပါတယ်။

ဆေးရုံဆင်းခွင့်ရတဲ့ လူတွေကတော့ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇ ၊ ဘူးသီးတောင် ဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ နဲ့ စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ စုစုပေါင်း ၈ ဦးရှိပြီး မောင်တောခရိုင်ပြည်သူဆေးရုံမှာ  ၆ ဦး ကျန်ရှိနေပါသေးတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013