ဖျာပုံမြို့နယ်က စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်
DVB
·
July 16, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီခဲ့ကြတဲ့ ဖျာပုံမြို့နယ်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေ ဇူလိုင် ၁၅ ရက်နေ့က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမမှာ ပေးအပ်လိုက်ပါတယ်။
ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာအသီးသီးမှာ လုပ်နေကြတဲ့ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြသူ ၆၄၉ ဦးကို ပြည်ထောင်စုသမ္မတနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပေးအပ်ခဲ့တာလို့ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ကတော့ “ပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ ပူးပေါင်း ပါဝင်လာတဲ့အတွက် ကျနော်တို့ အောင်အောင်မြင်မြင် ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဖျာပုံခရိုင်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေကို ထူးထူးခြားခြားလုပ်နိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ပြောပါတယ်။
“မြို့တိုင်း မြို့တိုင်းမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အစီအမံတွေဟာ လျော့ရိ လျော့ရဲ တွေ့ရပါတယ်။ စစ်ဆေးမှုတွေ လျော့ရိလျောရဲဖြစ်တယ်။ ကြပ်မတ်မှုတွေ လျော့ရိလျောရဲ ဖြစ်တယ်။ သို့ပေမယ့် ဖျာပုံခရိုင်က ထူးထူးခြားခြားဘဲ၊ ထိန်းချုပ်ရေးလုပ်ငန်းအစီအစဉ်တွေကို ကျနော်တို့ခရိုင်အနေနဲ့ အောင်အောင်မြင်မြင် ပိုက်စိပ်တိုက် ကွက်စေ့နင်းပြီးတော့ ဆောင်ရွက် နိုင်ခဲ့တယ်။”
အခုလိုပရဟိတစေတနာ့ဝန်ထမ်းတွေကို အသိအမှတ်ပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးတာကြောင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်လို့ စေတနာ့ ဝန်ထမ်းတွေက ပြောပါတယ်။
ကျော်စိုးမိုး