ရှမ်းပြည်နယ် ဘာသာပေါင်းစုံ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်ကွက်
DVB
·
May 28, 2013
ရှမ်းပြည်နယ် ဘာသာပေါင်းစုံ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းတာကို ရှမ်းပြည်နယ်အစိုးရက ကန့်ကွက်လိုက်ပါတယ်။
မေ ၈ ရက်နေ့က တောင်ကြီးမြို့ အလုပ်ရုံဆွေးနွေးပွဲတခုမှာ ရှမ်းပြည်နယ် ဘာသာပေါင်းစုံ စောင့်ရှောက်ရေးအဖွဲ့ကို အဖွဲ့ဝင် ၂၀ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်သာသာဝင်တွေ ပါဝင်ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်း(ရန်ကုန်)နဲ့ Norwegian People’s Aid တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ကနဦးပိုင်းက ပြည်နယ်အစိုးရထံ တင်ပြချက်တွေမှာမပါတဲ့ အဖွဲ့ကို တရားမ၀င် ဖွဲ့စည်းလိုက်တဲ့အတွက် ကန့်ကွက်ရတာလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် ဘာသာပေါင်းစုံစောင့်ရှောက်ရေးအဖွဲ့ နာယကဆရာတော် ဦးခေမာနန္ဒက ပြည်နယ်အစိုးရက ထုတ်တဲ့သတင်းကို ကြားပေမယ့် သူတို့ထံကို တရားဝင် အကြောင်းကြားကန့်ကွက်တာ မရှိပါဘူးလို့ မိန့်ပါတယ်။
“အွန်လိုင်းရေးထားတာ သိတယ်၊ တောက်လျှောက်ဖတ်ရတယ်။ သူတို့ဆီ တရားဝင်စာ ကျောင်းကိုလာပို့ထားတာမရှိဘူး။”
ပြည်နယ်အစိုးရဆီကို အလုပ်ရုံဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက် တင်ပြတုန်းက လက်ရှိဖြစ်နေတဲ့ ဘာသာတရားနဲ့ စပ်လျဉ်းပြီး တဦးနဲ့တဦး ထားရှိတဲ့ သံသယတွေ၊ အမြင်မကြည်လင်မှုတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ဘာသာမတူသူတွေအကြား ရင်းနှီးခင်မင်စွာ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်တယ်လို့ တင်ပြခဲ့တဲ့အတွက် ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ပြည်နယ်အစိုးရက ကန့်ကွက်ပေမယ့်လည်း လာမယ့်ရက်ပိုင်းအတွင်းမှာ ဘာသာပေါင်းစုံ စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သွားမယ်လို့ ဦးခေမာနန္ဒက မိန့်ပါတယ်။
“တို့တွေက ဘုန်းကြီးတွေဖြစ်သည့်အတွက် ဘုရားပညတ်ထားတဲ့ ၀ိနည်းတော်တွေကိုလည်း လေးစားရတယ်။ လူတွေရဲ့ ဥပဒေကိုလည်း လိုက်နာရတယ်။ ဒီ အချက် ၂ ချက်နဲ့ တို့က သာသနာမှာနေရတယ်။ ဒီအချက် ၂ ချက်က လွတ်ရင်လည်း အများကောင်းကျိုးလုပ်မှာ။ လူဥပဒေမှာလည်း တဦးတယောက်က လိုချင်သလိုဆွဲထားတဲ့ ဥပဒေတွေ မလိုချင်ဘူး။ အများသဘောတူလက်ခံထားတဲ့ ဥပဒေကိုပဲ လိုချင်တယ်။ မူက ဒါပဲ။ မကြာခင် တို့အဖွဲ့တွေ တွေ့တော့မယ်။ အစိုးရ အွန်လိုင်းမှာတက်တာတွေလည်း ဘာပြောကြမလဲ၊ ဘာလုပ်ကြမလဲ ဆိုတာ အဖွဲ့နဲ့ စည်းဝေးဆုံးဖြတ် ပြန်ပြောမယ်။ အားလုံးသိအောင် ဘုန်းဘုန်းတို့ ပြောမှာပါ”
ဒီသတင်းနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရကို မေးမြန်ဖို့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရပါဘူး။