သစ်ချောထည်အလုပ်သမားများကို အမှုစွဲတင်
နော်နိုရင်း
·
May 28, 2013
မေလ ၁၄ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမား ခေါင်းဆောင်တွေကို ဒီကနေ့ ရန်ကုန်တိုင်း ရွှေပြည်သာ တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး သူတို့ကို အမှု ၄ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
မေလ ၁၄ ရက်နေ့ညမှာ ရဲက အလုပ်သမား ခေါင်းဆောင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၈ ဦးကို ပိုင်နက်ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားရာကနေ ဒီကနေ့မှာ ရုံးထုတ်ပြီး အမှုစွဲတင်တာလို့ အလုပ်သမားတွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။
ဒါ့အပြင် တရားစွဲဆိုခံရသူတွေဟာ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းမြို့နယ်တရားရုံးတွေမှာလည်း သူတို့ကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့မှာပဲ ရုံးထုတ်ကို တက်ရောက်လာတဲ့ အလုပ်သမားခေါင်းဆောင် မလဲ့လဲ့ဝင်းကို အမှုတွဲအဖြစ် ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒီအလုပ်သမားတွေကို ပြစ်ဒဏ်မစီရင်ခင် အလုပ်ခိုင်းစေတဲ့အတွက် ဥပဒေနဲ့ မညီဘူးလို့ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။
“အလုပ်သမားတွေရဲ့ ပြောကြားချက်အရ အလုပ်သမားတွေကို အင်းစိန်ထောင်က အလုပ်ခိုင်းစေမှုတွေ ရှိတယ်လို့၊ ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ စွပ်စွဲခံရတဲ့ အချက်သာ ရှိပါသေးတယ်။ အလုပ်သမားတွေက တရားခံတွေ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်ခိုင်းစေခွင့်မရှိပါဘူး။ သူတို့ကို ရဲစခန်းမှာပဲ ချုပ်နှောင်သည်ဖြစ်စေ၊ အင်းစိန်ထောင်မှာ ချုပ်နှောင်သည်ဖြစ်စေ၊ သူတို့ဟာ စွပ်စွဲခံရတဲ့ အဆင့်သာရှိသေးတယ်။ တရားခံတွေမဟုတ်တဲ့အတွက် အလုပ်ခိုင်းစေခွင့်မရှိပါဘူး။ ဒါဟာ ဥပဒေနဲ့ မညီပါဘူး။”
တော်ဝင်သစ်အချောထည်စက်ရုံ ဆန္ဒပြခေါင်းဆောင် ၁၂ ယောက်ကို မေ ၁၄ ရက်က ဖမ်းဆီးချုပ်နှောင်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ၊ ပိုင်နက်ကျူးကျော်မှု၊ ပြင်ဆင်ပြီး လက်ရောက်မှု၊ နာကျင်စေမှု၊ အားပေးထောက်ခံမှု အစရှိတဲ့ ပုဒ်မတွေနဲ့ ဒီကနေ့ အမှု စွဲတင်လိုက်တာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံးပြန်လည်ချိန်းဆိုထားပါတယ်။