DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်ကေအိုင်အို ဒုက္ခသည်ကိစ္စ အရေးတယူဆွေးနွေးသင့်ဟုဆို
DVB
·
May 28, 2013
အစိုးရနှင့်ကေအိုင်အို ဒုက္ခသည်ကိစ္စ အရေးတယူဆွေးနွေးသင့်ဟုဆို
Donate to DVB

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှာ ဒုက္ခသည်အရေးကိစ္စတွေကို အရေးတယူထည့်သွင်းဆွေးနွေးဖို့ စစ်ပြေးဒုက္ခသည်တွေက လိုလားနေပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးအရေး ဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီအောင်က ဒုက္ခသည်အရေးကိုလည်း ဆွေးနွေးပွဲတွေမှာ ဆွေးနွေးစေလိုကြောင်း ပြောပါတယ်။

[caption id="attachment_27883" align="alignright" width="300" caption="နယ်စပ်ရှိလယ်ယာများတွင် တဲထိုးနေထိုင်ကြသည့် ဒုက္ခသည်များ"][/caption]

“ဒုက္ခသည်တွေကြားထဲ မျှော်လင့်တာတော့ အများကြီးပဲ။ တခေါက်ဆွေးနွေးလိုက် အဖြေက ဘာမှတိတိကျကျမသိရ။ တခေါက်ဆွေးနွေးတယ် ကြားနေတယ်၊ ဒီလိုမျိုး ဆက်သွားနေတယ်။ နောက်တခေါက်လည်း ဒီလိုပဲ ဆက်သွားနေမယ်ဆိုတာမျိုး တချို့တွေကရှိတယ်။ တချို့တွေလည်း ဒီတခေါက်ကတော့ တခုခုလေးတော့၊ အဆင့်တခုတော့၊ တစုံတရာလေးတော့ ပြောင်းလဲမှုရှိမလားဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ တချို့ကတော့ ဘာမှမထူးပါဘူး၊ အရင်တခေါက်ဆွေးနွေးသလိုပဲ၊ နောက်တခေါက်လည်း ပြန်ဆွေးနွေးပြီးတော့၊ ပြီးရင်ဆွေးနွေးနေတဲ့အချိန်မှာ တဖက်က တိုက်ပွဲဖြစ်တာ၊ ပိုဆိုးလာတာတို့ဖြစ်မှာပဲ ဆိုပြီး ပုံစံအမျိုးမျိုးပြောကြတယ်။”

၂၀၁၁ နှစ်လယ်ပိုင်းကစတင်တဲ့ ကေအိုင်အိုနဲအစိုးရရဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ကချင်ဒုက္ခသည်တွေဟာ အိုးအိမ်လယ်ယာမြေတွေကို စွန့်ပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာ ၂ နှစ်နီးပါး ရောက်ရှိပြီဖြစ်ပါတယ်။

ဆွေးနွေးပွဲဦးဆောင်သူ ကချင်လွတ်လပ်ရေးတပ်မတော်က ဗိုလ်ချုပ် ဂွမ်မော်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့လည်း သီးသန့်ကဏ္ဍ တခုအနေနဲ့ ဆွေးနွေးသွားမယ့်အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလဆိုင်းကတော့ ပွင့်လင်းမြင်သာမှု အပေါ် အခြေခံ ဆွေးနွေးမယ်ဆိုရင်တော့ ပြည်သူတွေမျှော်လင့်တဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာနိုင်သလို ပြည်နယ်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ၀ိန်ပေါင်နိန်းတွဲအဖွဲ့ဝင် ဒေါ်မေရီတွမ်ကတော့ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းကို မျှော်လင့်သလို ဘာတခုမှ ရလဒ်မပေါ်တဲ့ ဆွေးနွေးပွဲတော့  မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

ကချင်ဒုက္ခသည်စခန်းတခုက ဆရာမ ရွယ်ဆန်းကတော့ ဆွေးနွေးပွဲကနေ ကောင်းတဲ့အဖြေ တခု မျှော်လင့်နေပေမယ့် အိမ်ပြန်ဖို့ပြောတိုင်း ပြန်စရာ အိမ်မရှိတဲ့အတွက် ၀မ်းနည်းတယ်လို့ ပြောပါတယ်။

“တကယ်လို့ ဆွေးနွေးပွဲကြီးမှာ အိမ်ပြန်နိုင်ပြီဆိုရင်တောင် ကျမတို့မှာ ဘယ်အိမ်ပြန်ရမလဲဆိုတာ မေးစရာရှိတယ်။ ရွာတွေဆို အကုန်လုံး တောခြုံတွေပဲဖြစ်တော့မှာ။ အိမ်ပြန်ဖို့ကတော့ ကျမတို့ လွယ်လွယ်နဲ့တော့၊ အိမ်ပြန်ဖို့ ပြောတိုင်း ၀မ်းနည်းမိတယ်။”

အရင်ကလည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ဆွေးနွေးခဲ့ပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အတွက် ဆွေးနွေးပွဲအပေါ် ရာနှုန်းပြည့် မျှော်လင့်မထားသူတွေလည်း ရှိပါတယ်။

ဒီတွေ့ဆုံပွဲကနေ အကောင်းဆုံးဖြစ်သွားမယ့် အနေအထားကို မမျှော်လင့်ရဲဘူးလို့  ပါကထောင် ဒုက္ခသည်စခန်းက သင်းအုပ်ဆရာတော် ဦးဇောင်နန်းက ပြောပါတယ်။

“ကိုယ့်ရပ်ရွာဒေသကို အရမ်းကို ပြန်ချင်နေကြပါပြီ။ ဆွေးနွေးရာမှာ စစ်အစိုးရဘက်က ကောင်းကောင်း သဘောထားဖြူစင်ပြီး တိုင်းသူပြည်သားကို တကယ်ချစ်တဲ့ အရင်းခံစိတ်နဲ့ တိုင်ပင်ပါ့မလား၊ လုပ်ပေးပါ့မလားဆိုတဲ့ လုံးလုံးလျားလျား ယုံကြည်စိတ်ချတဲ့ အနေအထားမှာတော့ မရှိသေးဘူး။ စိုးရိမ်စိတ်တော့ ရှိသေးတယ်။ အထူးသဖြင့် တောင်ပေါ်တိုင်းရင်းသားတွေ၊ အခုထွက်ပြေးနေရတာအများဆုံးက ကချင်ဆိုရင်လည်း တောင်ပေါ်ဒေသကလူတွေက ပိုဒုက္ခရောက်တာပေါ့။ ကျနော်တို့ကို ငဲ့ညှာသနားတဲ့အနေနဲ့ တိုင်းသူပြည်သားတွေကို အစိုးရဘက်က တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ အကောင်းဆုံးဖြစ်အောင်၊ ကေအိုင်အေနဲ့ အစိုးရဖြစ်တဲ့ ရန်ငြှိုးတွေအကုန်လုံးကိုဖြည်ပြီး တိုင်းသူပြည်သားတွေ မျက်နှာထောက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့ တိုက်တွန်းချင်တယ်။”

ကချင်ပြည်နယ်မှာ ဒုက္ခသည်ပြဿနာကို ဆွေးနွေးညှိနှိုင်းလို့ နှစ်သဘောတူညီချက်ရရင် တောင် စစ်ပွဲအတွင်း နှစ်ဘက်အသုံးပြုတဲ့ မြေမြှုပ်မိုင်းကိစ္စ ဖြေရှင်းရေးတွေဟာ ဖွံ့ဖြိုးရေးကိစ္စတွေထက် ဦးစားပေးလုပ်ရမယ့် အလုပ်တွေအဖြစ် ဆက်ရှိနေဦးမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013