DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း လက်ဖက်ခင်းများ ဘိန်းခင်းအဖြစ်ပြောင်း
DVB
·
May 28, 2013
ရှမ်းပြည်တောင်ပိုင်း လက်ဖက်ခင်းများ ဘိန်းခင်းအဖြစ်ပြောင်း
Donate to DVB

ရွှေဖီမိုးလွတ် လက်ဖက်လုပ်ငန်းနဲ့ နာမည်ကြီးခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဒေသမှာ လက်ဖက်ပင်တွေအစား ဘိန်းပင်တွေ နေရာယူလာတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ပြောပါတယ်။

လက်ဖက်ဈေးကျဆင်းပြီး ဈေးကွက်မရှိတဲ့အတွက် ၀င်ငွေ အဆမတန်ပိုရတဲ့ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းကို တောင်သူတွေ ပိုပြီး လုပ်ကိုင်လာကြတယ်လို့ ပင်လောင်းဒေသခံ ပအိုဝ်းလူငယ်အဖွဲ့ဝင် ခွန်ကံနာကျူက ပြောပါတယ်။

“နဂိုနေရာ လက်ဖက်ခြံတွေ၊ တချို့က လိမ္မော်ခြံတွေ၊ လိမ္မော်က အခုနောက်ပိုင်း ဈေးကွက်မကောင်းဘူးပေါ့။ တရုတ်ပြည်က ပန်းသီး၊ ပျားလိမ္မော်တွေ တအားဝင်လာတော့ စိုက်စားရတာ မကိုက်တော့ဘူး။ နောက် လက်ဖက်ခြောက်က ၁ ပိဿာ ၂၀၀၀၊ ၂၅၀၀ အလွန်ဆုံး။ သူတို့ စားဝတ်နေရေး မလုံလောက်တော့ဘူး။ အခုက အခင်းတခုမှာ ၁ ဧကခွဲကျော်ကျော်မှာ ဘိန်းစိုက်ရင် ပိဿာချိန် ၂၀ ရနိုင်တယ်၊ ဒါဆိုရင် သိန်း ၁၂၀ လောက်ရတယ်။ အဲလို ၀င်ငွေက အဆမတန်ကွာနေတာ။”

ဒီအချိန်ဟာ ဘိန်းစိုက်ရာသီဖြစ်တဲ့အတွက် ပင်လောင်းမြို့နယ် ပင်မွန်းဒေသ အရှေ့ဘက်တောင်ကြော၊ တီယွန်းဒေသ အရှေ့နဲ့ အနောက်တောင်ကြော၊ အဲဒီနဲ့ တဆက်တည်းဖြစ်တဲ့ ကယားပြည်နယ် ဖယ်ခုံမြို့နယ် အနောက်ဘက်၊ မိုးဗြဲမြို့နယ် အနောက်ဘက် လအိလသိန်ဒေသတွေထိ ထွန်ယက်စိုက်ပျိုးနေကြတာပါ။

အရင်က မစိုက်ပျိုးဖူးတဲ့ နောင်တရား ကားလမ်းအနောက်ဘက်တကြောမှာလည်း ဘိန်းစိုက်ပျိုးလာတယ်လို့ ဆိုပါတယ်။

ပင်လောင်းဒေသမှာ အခုလိုဘိန်းပင်တွေ စိုက်ပျိုးလာတာ နှစ်နဲ့ချီ ကြာခဲ့ပေမယ့် သက်ဆိုင်ရာက ရံဖန်ရံခါ ဘိန်းပင်နှိမ်နင်းရေးတွေကို အပြုသဘော ဟန်ပြအနေနဲ့သာ လုပ်ခဲ့ပြီး ထိထိရောက်ရောက် မနှိမ်နင်းဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဝန်ထမ်းတွေနဲ့ ရွာသူကြီးအချို့က ဘိန်းတောင်သူတဦးစီက အခွန်ကျပ်ငွေ ၁ သိန်းခွဲကနေ ၂ သိန်းထိ စိုက်ပျိုးမှု ဧရိယာပေါ် မူတည်ကောက်ခံနေတယ်လို့ ခွန်ကံနာကျူက ပြောပါတယ်။

ဒေသခံလူငယ်တွေကြားမှာလည်း ဘိန်းစားတွေ၊ ယာဘသုံးသူတွေ ရှိနေပြီး ကျောင်းသားလူငယ်နဲ့ အမျိုးသမီးတွေပါ ယာဘ ခေါ် မြင်းဆေးကို သုံးစွဲနေကြတဲ့အတွက် သူတို့ဒေသ အနာဂတ်ရေးအတွက် ရင်လေးစရာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအန်အို) ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ပါဝင်ပေမယ့် သူတို့ဟာ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပြုပြင်ရေးပဲလုပ်ပြီး   ဘိန်းစိုက်ပျိုးရေးကို လျစ်လျူရှုထားတယ်လို့ ခွန်ကံနာကျူက ပြောပါတယ်။

မိမိအုပ်ချုပ်ခွင့်ရဒေသထဲ မူးယစ်ဆေးဝါး ပပျောက်ရေး ပေါ်လစီတွေနဲ့ ပတ်သက်ပြီး ပီအန်အိုရဲ့ ပြောခွင့်ရ ဌာနမှူး ဦးခွန်မျိုးထွန်းက လာမယ့် ဇွန် ၃ ရက်နေ့ကျရင် တောင်ကြီးမြို့နယ် ထီဗွာကျေးရွာအုပ်စု မောက်စံရွာမှာ မီဒီယာရှင်းလင်းပွဲတရပ်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာက ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ပြည်ပအခြေစိုက် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်းဆိုင်ကတော့ အစားထိုးသီးနှံတွေ ထောက်ပံ့ကူညီပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရင် ဘိန်းစိုက်ပျိုးမှုတွေ ပပျောက်နိုင်မယ်လို့ ပြောပါတယ်။

“ပင်လောင်းဟာ မြေအင်မတန်ရှားတဲ့နေရာဖြစ်တယ်။ စိုက်ပျိုးရေးအတွက် ဘာမှ ကူညီမှုမရှိဘူး။ အစားထိုးသီးနှံ မရှိဘူးဆိုရင် ဘိန်းအရင်ကတည်းက စိုက်ခဲ့တဲ့နေရာဆိုတော့ ဆက်စိုက်သွားဖို့ပဲရှိတယ်လို့ သူတို့ကပြောတယ်။ ပပျောက်အောင်လုပ်ဖို့ ဆိုရင် လူထုကို ကူညီပေးဖို့ပဲရှိတယ်။ အဲဘက်မှာ အဖွဲ့ငယ်လေးတွေရှိတယ်။ ဥပမာ ကယန်းပြည်သစ်ပါတီ ရှိတယ်။ နိုင်ငံရေးအရ သဘောတူညီချက်တွေရယူနိုင်ရန် ဥပဒေစိုးမိုးရေး လုပ်နိုင်မယ်။ ဒါဆို သီးနှံအစားထိုးစိုက်ပျိုးရေး စီမံကိန်း ချမှတ်နိုင်မယ်။ နောက် ဥပဒေစိုးမိုးရေးကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့်  လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အောင်မြင်မှာ မဟုတ်တဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013