Home
မြန်မာသတင်း
တပ်မတော်ကဖမ်းဆီးပြီး မအီမြို့မရဲစခန်း၌ ထိန်းသိမ်းထားသူ ၁ ဦး ကြိုးဆွဲချသတ်သေ
DVB
·
July 15, 2020
တပ်မတော်က ဖမ်းဆီးသွားပြီး  ရခိုင်ပြည်နယ်၊ မအီမြို့မရဲစခန်းမှာ ထိန်းသိမ်းထားသူ ၆ ဦးထဲက အမျိုးသား  ၁ ဦး ကြိုးဆွဲချသတ်သေသွားတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရမ်းဗြဲမြို့နယ် မင်းကျောင်းတံတားအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန် ၂၃ ရက် ညက မင်းကျောင်းတံတားဘက်မှ အလယ်ချောင်းကျေးရွာဘက်သို့ မောင်းနှင်လာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ လူ  ၂ ဦးကို မသင်္ကာလို့  ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ လွယ်ထားတဲ့ လွယ်အိတ်အတွင်းမှ ၆ လက်မခန့်ရှိ ဓားမြောင် ၂ ချောင်း၊ လက်ထိပ် ၁ ခု၊ ဓာတ်ခဲအသေး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကနဦးစစ်ဆေးချက်အရ အဆိုပါ ၂ ဦးမှာ ငလုံးအောင်(ဘ)ဦးနုထွန်းဖြူ၊ အလယ်ချောင်းကျေးရွာနေသူနဲ့ ညီညီဇော်(ဘ)ဦးကျော်သင်းအောင်၊ အထက်ပဒဲကျွန်း ကျေးရွာနေသူများ ဖြစ်ကြောင်း သိရှိရပြီး စစ်ဆေးချက်များအရ ၎င်းတို့ ၂ ဦးမှာ အေအေ အဖွဲ့ဝင်တွေဖြစ်ကြောင်း သိရှိရတယ်လို့ဆိုပါတယ်။ သတင်းဆက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းမှာ သွားရောက်ပြီး ရှာဖွေစစ်ဆေး ဖော်ထုတ်ခဲ့ရာ အေအေအမာခံတွေဖြစ်တဲ့ ဇော်လွင်၊ မြင့်ထွန်း၊ ချမ်းငြိမ်း၊ ဇော်ဌေး၊ ထွန်းဝင်းနဲ့ စိုးမြင့်ထွန်းတို့ ၆ ဦးအား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး မအီမြို့မရဲစခန်း သီးသန့်အဆောက်အဦမှာ  တစ်ဦးစီထားရှိထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခွဲလောက်မှာတော့ စိုးမြင့်ထွန်းဟာ သူ့ကို   ချည်နှောင်ထားတဲ့ ကြိုးကိုဖြည်ပြီး ခေါင်မိုးထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဆိုပါသေဆုံးသူကို လုပ်ထုံးလုပ်နည်းနဲ့အညီ  ဆောင်ရွက်နိုင်ရေး မအီ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး ကျန်ရှိသူ ၅ ဦးကိုလည်း ဆက်လက်စစ်ကြောနေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024