Home
မြန်မာသတင်း
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအား လူလိမ်ဟု ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သူ ပြန်တောင်းပန်
DVB
·
July 15, 2020
109320894_892910104526667_6059032064077981365_o
109319117_892909904526687_4583286624478386158_o
108052357_1172783416410721_7589717540865314898_n
107979603_892909961193348_4391365493955167291_o
107540508_892910007860010_1294615151893535887_o
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို လူလိမ်လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့သူက သူ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ပါတီရုံးမှာ လာရောက်တောင်းပန်ခဲ့ပါတယ်။ ဖေ့ဘွတ်စ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မိမိအနေနဲ့ နိုင်ငံရေး ပါတီ ဘယ်ပါတီကိုမှ မဝင်ထားသလို မိမိနောက်မှာလည်း ဘယ်သူမှမရှိကြောင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သတင်းဖြစ်လောက်မယ်အထင်နဲ့ ပိုစ့်တင်ခဲ့တာသာ ဖြစ်တယ်လို့ တောင်းပန်သူ ဦးဆန်းမြင့်က ပြောပါတယ်။ "သတင်းဖြစ်လိမ့်မယ်အထင်နဲ့ တင်ခဲ့မိတာပါ၊ သူများတင်တဲ့ဟာကို ပြန်ကူးပြီး ကျနော့် အကောင့်မှာ တင်ခဲ့မိတာပါ၊ ဘာလိုဖြစ်ဖြစ် ကျနော့်အမှားဖြစ်သွားတဲ့အတွက် ခုလို ပြည်သူ့ပါတီက တာဝန်ရှိသူတွေ ရှေ့မှာ လာပြီးတောင်းပန်တာပါ"လို့ ပုသိမ်မြို့ခံ ဦးဆန်းမြင့်က ပြောပါတယ်။ မိမိဖြစ်ရပ်လိုမျိုး တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ ဖေ့ဘွတ်စ်ပေါ်မှာ ပိုစ့်တင်တာနဲ့ ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့ မတင်စေချင်သလို အမှားမှား အယွင်းယွင်းမဖြစ်အောင် သတိထားပြီး ပါတီထိခိုက်မယ့် ပုံရိပ်တွေဖြစ်စေမယ့် ဟာမျိုး မတင်စေချင်ဘူးလို့ ဆိုပါတယ်။ ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး အပါအဝင် ပါတီအား မဟုတ်မမှန် အပုတ်ချရေးသားခဲ့တာတွေအတွက် ပါတီက တာဝန်ရှိသူတွေက အကောင့်ပိုင်ရှင် ဦးဆန်းမြင့်ကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း ပြောဆို ချိန်မှာ ခုလိုတောင်းပန်လိုက်တာလည်း ဖြစ်ပါတယ်။  ဧရာဝတီတိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးသီဟက “အရင်တုန်းက ပြောခဲ့တဲ့ စကားတွေကို ခုမှ ပြန်ပြောသလို ရေးသားဖော်ပြတာတွေ၊ ပြီးတော့ ဦးကိုကိုကြီးကို လူလိမ်လို့ ရေးထားတာတွေ၊ ပြီးတော့ ဖွဲ့စည်းပုံမပြင်ဘဲနဲ့ အာဏာရဖို့ဘဲ လုပ်နေတာ ဒါတွေရေးထားတော့ အစက တရားစွဲဖို့အတွက် စီစဉ်ခဲ့ပေမယ့် သူနဲ့ အဆက်သွယ် ရချိန်မှာ တောင်းပန်မယ်ပြောလို့ လက်ခံခဲ့တာ”လို့ ပြောပါတယ်။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတာတွေဟာ အင်မတန် တန်ဖိုးကြီးပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ တာဝန်မဲ့အသုံးပြုနေကြရင်လည်း အင်မတန်အန္တရာယ်ကြီးပါတယ်၊ ကျနော်တို့ သည်းခံ ပါတယ်၊ ဝန်ခံတာကိုလည်း အသိအမှတ်ပြုပါတယ်၊ ဒီမိုကရေစီအဓွန့်ရှည်ပါစေဆိုပြီး  သူ့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ရေးသားပြောဆိုထားပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024