DVB Logo
Home
မြန်မာသတင်း
စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
DVB
·
May 28, 2013
Donate to DVB

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ယုဇနကုမ္ပဏီကနေ လုပ်ဆောင်နေတဲ့ ပီလောပီနံစိုက်ပျိုးရေး စီမံကိန်းတွေကြောင့် စံပြရွာတွေကို ပြောင်းရွှေ့ပေးရခဲ့သူတွေ အနေထိုင် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် မြစ်ဆုံဒေသက ကျေးရွာတွေကို မြစ်ကြီးနားမြို့နယ်က အောင်မြင်သာ၊ ၀ိုင်းမော်မြို့နယ်မှာ မလိယန်နဲ့ ဖားကန့်မြို့နယ်မှာ ရှထူးဇွပ် စံပြကျေးရွာတွေဆိုပြီး ပြန်လည် နေရာချထားပေးခဲ့ပေမယ့် စံပြကျေးရွာနဲ့မညီညွတ်ဘဲ နေရေးစားရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

“ပြောင်းရွှေ့ထားတဲ့နေရာမှာ သူတို့ဆောက်ထားပေးတဲ့ အိမ်တွေက အခု အန်တီတို့ပြောင်းတာ ၂ နှစ်ပဲရှိသေးတယ်။ အိမ်တွေကပျက်စီးကုန်တယ်။ လေပြင်းမုန်တိုင်းနည်းနည်း တိုက်လိုက်တာနဲ့ အိမ်တွေက ပျက်စီးကုန်တယ်။ သူတို့လုပ်ထားပေးတဲ့နေရာမှာ စားဝတ်နေရေးအတွက် မပြေလည်ဘူး။ စံပြကျေးရွာ ဘေးပတ်ဝန်းကျင်မှာက ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေရဲ့ မြေကွက်တွေဖြစ်နေတယ်။ မူလနေတဲ့နေရာမှာက သစ်ဥသစ်ဖုရှာစားလို့ရတယ်၊ ဟင်းသီးဟင်းရွက်ရှာစားလို့ရတယ်။ ကိုယ့်လယ်ကိုယ့်ခြံနဲ့ သားသမီးတွေရဲ့ နောင်ရေး၊ ကျောင်းစရိတ်တွေ ရတယ်လေ။ အခုအဲနေရာမှာဆို တောင်ယာခုတ်စားစရာ၊ လယ်လုပ်စရာမရှိဘူး။ အိမ်တွေကို ကောင်းကောင်းမွန်မွန် လုပ်မပေးဘူး။ သားသမီးတွေ ထောက်ပံ့ဖို့ ကျောင်းစရိတ်၊ စားဝတ်နေရေးတွေ အတွက် အခက်အခဲဖြစ်နေပါတယ်။”

ဒါအပြင် စံပြကျေးရွာတွေမှာ မိုတွင်းဆိုရင် သွားလာရေး အရမ်းခက်ခဲပြီး ရွှံ့နွံထူထပ်တယ်လို့ ဆိုပါတယ်။

ဒေါ်ဂျာခေါန်ဟာ အစိုးရရဲ့ ကချင်ပြည်နယ်တွင်း အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဒုက္ခကြုံနေတဲ့ ဒေသခံပြည်သူတွေနဲ့ ဖွဲ့ထားတဲ့  မူချင်းရပ်ဂျာ (Mungchying Rawt Jat) MRJ အဖွဲ့ဝင် ဖြစ်ပါတယ်။

စံပြကျေးရွာမှာ အဆင်မပြေမှုတွေကြောင့် ဒေသခံတွေအနေနဲ့ မိမိနေရပ်ကို ပြန်ချင်ကြတယ်လို့ ပြောပါတယ်။

“ကိုယ့်ဒေသမှာပဲ ပြန်လုပ်ကိုင်စားသောက်ချင်တယ်။ အခု ၂ နှစ်နေတာတောင်မှ ဒုက္ခရောက်နေတယ်။ စားဝတ်နေရေးအခက်အခဲ ဖြစ်တယ်ဆိုရင် နောက်ထပ် ရေကာတာ ထပ်လုပ်မယ်ဆိုရင် တခြားဒေသခံတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။ အဲဒါတွေကို ပြန်မတွေးဝံ့ဘူး။ တိုင်းရင်းသားတွေ၊ ဒေသခံတွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်။ ဒါကြောင့် ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်။”
သမ္မတက  မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင် ဆိုင်းငံ့စေခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကြောင့်  သိမ်းယူခံခဲ့ရတဲ့ ကျေးရွာနဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပြီး ရွှေတူးဖော်ခြင်းနဲ့  တခြားစီမံကိန်းတွေကြောင့် ဥယျာဉ်ခြံမြေတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013