DVB Logo
Home
မြန်မာသတင်း
ပို့ကုန်မဟာဗျူဟာနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များ အကြံပြု
DVB
·
May 28, 2013
Donate to DVB

ဒီနှစ်ဆန်းပိုင်းက စတင်ရေးဆွဲတဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာမှာ ပါဝင်သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ လက်တွေ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပြည်တွင်းထုတ်ကုန်တွေအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ဇန်နဝါရီလလယ်ပိုင်း ကတည်းက ဆွေးနွေး ရေးဆွဲနေတာ ဖြစ်ပါတယ်။

ပို့ကုန်တွေကို ကုန်ကြမ်းအတိုင်း တင်ပို့တာထက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို နိုင်ငံတကာကုန်သွယ်မှုစင်တာရဲ့ နည်းပညာအကူအညီနဲ့ ရေးဆွဲနေတာ ဖြစ်ပါတယ်။

ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအတွက် ဦးတည်ရေးဆွဲနေပြီး ယခုနှစ် အောက်တိုဘာလမှာ အပြီးသတ်ဖို့မျှော်လင့်ထားသလို ၅ နှစ်အတွင်း စတင် အကောင်အထည်ဖော်ဖို့ လျာထားပါတယ်။

ဒီမဟာဗျူဟာနဲ့ ပက်သက်ပြီးတော့ ရေလုပ်ငန်းနယ်ပယ်က စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးနှင်းဦးက ပို့ကုန်အတွက် မရှိမဖြစ် လုပ်ပေးရမယ့်အချက်တွေကို နိုင်ငံတကာနဲ့ယှဉ်ပြီး သုံးသပ်ပြောဆိုပါတယ်။

“ပို့ကုန်လုပ်ငန်းရှင်တွေကို အားသာချက်ဖြစ်အောင် ပေးဖို့လိုတာပေါ့။ ပစ္စည်းပို့တဲ့အခါ နိုင်ငံတကာသွားရင် နိုင်ငံတကာစံချိန်စံညွှန်းပြည့်မီဖို့ လိုတယ်။ ပို့ကုန်ပို့သူတွေအားလုံးက ဒီဘက်က စစ်ရတာပေါ့။ ငွေပင်ငွေရင်း မတည်ငွေတွေလိုတယ်။ ဘယ်လိုပစ္စည်းမျိုးတွေကို အမယ်ထား ပို့မှာလဲ။ ဘယ်လိုပစ္စည်းမျိုးက ဈေးကွက်နဲ့ကိုက်တယ်ဆိုတာ ဈေးကွက်အပြောင်းအလဲကိုလည်း မျက်ခြေမပြတ်ကြည့်ပြီး လိုအပ်တာနဲ့အညီ ထုတ်လုပ်နိုင်ဖို့ ကွာလတီကောင်းမွန်တဲ့ ထုတ်ကုန်ထုတ်ဖို့ လိုပါတယ်။”

အဆင့်မြင့်ပို့ကုန် ထုတ်လုပ်ရာမှာ အခြားသောစီးပွားရေးဏ္ဍတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုကြောင်း အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာမှာ ထည့်သွင်း စဉ်းစားရမယ့်အချက်ကို ဒေါက်တာအောင်ကိုက ထောက်ပြပါတယ်။

“မဟာဗျူဟာဆိုတဲ့အတွက် ပို့ကုန်တခုကို ဘယ်ပို့ကုန်ကိုအခြေခံပြီး အခြားသော ပို့ကုန်တွေကို တွဲပြီးတော့ တနည်းပြောရင် စီးပွားရေးကဏ္ဍတခုနဲ့တခုကြားမှာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအမျိုးအမည် တခုနဲ့တခုကြားမှာပဲဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့၊ Industry တခုနဲ့တခု ချိတ်ဆက်ပြီးတော့၊ Industry တခုဟာ Export Industry တခုဖြစ်လာပြီဆိုရင် အဲအတွက် လိုအပ်တဲ့ သွင်းအားစုတွေရှိမယ်။ အဲဒါတွေကိုပါ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေပေးတယ်။ အပြန်အလှန်ချိတ်ဆက်ပြီး အခြားသော စီးပွားရေးကဏ္ဍတွေနဲ့ အခြားသော စက်မှုကဏ္ဍတွေကိုပါ ဖွံ့ဖြိုးတိုးတက်စေဖို့ လိုအပ်တာပေါ့။”

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရေးကို ကုန်သည်နဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က အခုလို သုံးသပ်ပါတယ်။

“မြန်မာကုမ္ပဏီများတင်မဟုတ်ဘူး၊ မြန်မာနိုင်ငံထဲလာရောက်ပြီး ထုတ်လုပ်မှုလုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီများအပါအ၀င်ပေါ့။ မြန်မာနိုင်ငံကထုတ်တဲ့ ထုတ်ကုန်မှန်သမျှ တင်ပို့နိုင်ဖို့ မဟာဗျူဟာတွေရေးဆွဲတာပေါ့။ စနစ်တကျရေးဆွဲထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်ဆိုရင် ပို့ကုန်တွေ တက်လာမှာပေါ့။ အရည်အတွက်အားဖြင့်တင်မဟုတ်ဘဲ တန်ဖိုးအားဖြင့်ပါ တက်လာဖို့ လိုပါတယ်။”

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အကောင်အထည်ပေါ်ပါက Made in Myanmar ဆိုတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ပြီး ပြည်တွင်းထုတ်ကုန်တွေရဲ့ တန်ဖိုးတွေလည်း မြင့်လာနိုင်ကြောင်း ပြောခဲ့ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013