ထိုင်းတွင် အီဂျစ်စစ်သား ၁ ဦးနှင့် သံတမန်မိသားစုဝင် ၁ ဦး၌ ကိုဗစ်-၁၉ တွေ့ရှိ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ နိုင်ငံခြားကနေ ဝင်ရောက်လာတဲ့ အီဂျစ်စစ်သား ၁ ဦးနဲ့ သံတမန်မိသားစုဝင် မိန်းကလေး ၁ ဦးတို့ ပါဝင်ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေစီမံကွပ်ကဲရေးဗဟိုဌာန CCSA က ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းပြည်သူတွေအကြား စိုးရိမ်မှုမြင့်တက်နေသလို အစိုးရကိုလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။  အဆိုပါ အီဂျစ်စစ်သားနဲ့ နိုင်ငံခြားသံတမန်မိသားစုဝင် မိန်းကလေးတို့ဟာ နိုင်ငံတော်ရဲ့ အထူးဧည့်သည်တော်နဲ့ အထူးတာဝန်ဝတ္တရားထမ်းဆောင်သူတွေစာရင်းထဲမှာ ပါဝင်တဲ့အတွက် အစိုးရက စီစဉ်ထားတဲ့ ကွာရန်တင်းစင်တာမှာ ၁၄ ရက် နေစရာမလိုဘဲ ပြင်ပဟိုတယ်မှာ တည်းခိုပြီး နေရာအနှံ့သွားထားတဲ့ရာဇဝင်ရှိလို့ ထိုင်းပြည်သူတွေက ကိုဗစ်-၁၉ ကူးစက်ခံရမယ့်အရေး စိုးရိမ်နေကြတာပါ။  CCSA အဖွဲ့ရဲ့ မနေ့ကအစီရင်ခံချက်ထဲမှာ  ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃ ဦးရှိကြောင်း ၊ ၃ ဦးလုံး နိုင်ငံခြားက နေဝင်ရောက်လာသူတွေဖြစ်ပြီး အဲဒီထဲက အီဂျစ်စစ်သား ၁ ဦးနဲ့ သံတမန်မိသားစုဝင် အသက် ၉ နှစ်ရွယ်မိန်းကလေးတို့မှာ အစိုးရရဲ့ အထူးဧည့်သည်တော် ( VIP  ) ဖြစ်လို့ သူတို့ဂုဏ်သိက္ခာအရ ကွာရန်တင်းမဝင်ခဲ့ရဘူးလို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီးဆင် ဝိစနုယိုးထင်းက ပြောပါတယ်။  ကိုဗစ်- ၁၉  ပိုးတွေ့ရှိထားတဲ့ အီဂျစ်စစ်သားဟာ အီဂျစ်တပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့အတူလိုက်လာပြီး ဒီမတိုင်ခင်က အီဂျစ်ကနေ  အာရပ် ၊ ပါကစ္စတန်တွေဆီသွားခဲ့ကာ ဇူလိုင် ၆ ရက်မှာ ထိုင်းနိုင်ငံထဲကို လယောင်းခရိုင်  ဦတဖောင်းနိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက်လာတာပါ။ အဲဒီနောက် လယောင်းရှိ ဟိုတယ်တစ်ခုမှာ တည်းခိုကာ ကုန်တိုက်မှာပစ္စည်းအဝယ်ထွက်၊ ၉ ရက်နေ့မှာ တရုတ်ပြည် ချန်ဒူးမြို့သို့ တာဝန်ဝတ္တရားနဲ့ ပြန်ထွက်ခွာ၊ ၁၀ ရက်နေ့မှာ ထိုင်းပြန်ဝင် ၊ ကိုယ်အပူချိန်စစ်ဆေး ကိုဗစ်-၁၉ စစ်ဆေးခံရ ၊ ၁၁ ရက်နေ့မှာ အဆိုပါအီဂျစ်တပ်ဖွဲ့ တစ်ဖွဲ့လုံး ထိုင်းနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပြီး  ဇူလိုင် ၁၂ ရက်နေ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အဖြေတွေ့ရှိလို့ ဆိုပါတယ်။  သံတမန်မိသားစုထဲကမိန်းကလေးကတော့  ဇူလိုင်လ ၁၀ ရက်နေ့က ဆူဒန်နိုင်ငံကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာကြောင်း၊  သူတို့မိသားစုဝင် ၅ ဦးဟာ ထိုင်းကို မလာခင် ၇ ရက်နေ့က သူတို့နိုင်ငံမှာ ကိုဗစ်-၁၉ စစ်ဆေးခံခဲ့ပြီး ပိုးမတွေ့ရကြောင်း ၊ ထိုင်းကိုဝင်လာတော့ ကိုဗစ်ထပ်မံစစ်ဆေးခံခဲ့ကြောင်း ၊ သူတို့ဟာ ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ လာရောက်တည်းခိုစဉ် ၁၀ ရက်နေ့ ဆေးစစ်ချက်အဖြေအရ မိန်းကလေးမှာ ကိုဗစ်-၁၉  ပိုးတွေ့ရှိခဲ့လို့ ဖခင်ဖြစ်သူက သူ့ကို ပုဂ္ဂလိကပိုင်ဆေးရုံတစ်ခုမှာ တင်ထားခဲ့ကြောင်း ၊  ၁၁ ရက်နေ့မှာ အဆုတ်ရောင်လာတော့  အစိုးရဆေးရုံကြီးကို လွှဲပြောင်းကုသစေခဲ့တယ်လို့ ဆိုပါတယ်။  အခုလို ဖြစ်ရတာဟာ ဘယ်သူ့ရဲ့ ပေါ့ဆမှုကြောင့်မှ မဟုတ်ဘဲ ချမှတ်ထားတဲ့နည်းဥပဒေရဲ့ ဟာကွက်ကလေးသာဖြစ်ကြောင်း၊ သူတို့ရဲ့ ရောဂါမပြင်းထန်ဘဲ နေကောင်း ကျန်းမာစွာရှိနေလို့ ပြည်သူတွေအနေနဲ့ စိတ်မပူဖို့ ၊ ဒါပေမဲ့ မိမိကိုယ်ကိုယ်  အမြဲတမ်းကျန်းမာရေးနဲ့ညီညွတ်အောင် သတိထားပြီး နေထိုင်ကြဖို့ ၊ အရေးကြုံပါက ကိုဗစ်-၁၉ အရေးပေါ်ဌာန ဖုန်းနံပါတ် ၁၄၂၂ ကို ဆက်သွယ်ဖို့ CCSA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။  ဒါပေမဲ့ အီဂျစ်တပ်ဖွဲ့ တည်းခိုခဲ့တဲ့ ဟိုတယ်နဲ့ ဆူဒန်မိသားစု ရောက်နေတဲ့ ဘန်ကောက်ကွန်ဒို တိုက်ခန်းနေရာကိုလည်း အတိအကျမပြောခဲ့သလို အရေးပေါ်နံပါတ်ကို မေးမြန်းတော့လည်း အမျိုးသားလုံခြုံရေးစည်းကမ်းအရ ပြောလို့မရကြောင်း တဘက်က အကြောင်းပြန်တဲ့အတွက် ထိုင်းပြည်သူတွေ အလိုမကျဖြစ်ရသလို VIP ဆိုပြီးလွှတ်ထားပေးတဲ့ အစိုးရကိုလည်း ပြစ်တင်ဝေဖန် ခံနေရပါတယ်။  ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက် CCSA သတင်းစာရှင်းပွဲမှာတော့ အီဂျစ်စစ်သားတွေ လာတည်းသွားတဲ့ ဟိုတယ်မှာ ဒီဝါးရီးဟိုတယ်ဖြစ်ပြီး ဈေးထွက်ဝယ်တဲ့ ကုန်တိုက်မှာ လဲမ်ထောင်းန်ကုန်တိုက်နဲ့ လယောင်းစင်ထရယ်ကုန်တိုက်ဖြစ်ကြောင်း ၊ သူတို့ရောက်ရှိတဲ့ အချိန်နဲ့ ခရီးစဉ်အသေးစိတ်တွေပါ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆူဒန်သံတမန်မိသားစု စီးခဲ့တဲ့ လေယာဉ် ခရီးစဉ်နဲ့ သွားရောက်ခဲ့တဲ့နေရာတွေပါ ထုတ်ပြန်ပေးပြီး ဒီကိစ္စအတွက်  CCSA အနေနဲ့ ထိုင်းပြည်သူတွေကို တောင်းပန်ကြောင်း ၊ သူ့အနေနဲ့လည်း လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း ၊ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကို ပိုမိုမြှင့်တင်ပြီး ချမှတ်ထားတဲ့ ကိုဗစ်-၁၉ နည်းဥပဒေ တချို့ကိုလည်း ကာလဒေသနဲ့ လျော်ညီအောင် ပြင်ဆင်သွားမယ့်အကြောင်း ဒေါက်တာထဝီးဆင်က ပြောပါတယ်။  အဆိုပါဂယက်ကြောင့် ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ လယောင်းမြို့ပေါ်က ကုန်တိုက်ကြီးတွေနဲ့ အခြေခံစာသင်ကျောင်းပေါင်း ၁၁ ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။  အီဂျစ်စစ်သား တည်းခိုသွားခဲ့တဲ့ ဟိုတယ်က ဝန်ထမ်း ၁၂ ဦးမှာလည်း အလုပ်နားကာ ကိုဗစ်-၁၉ အခြေအနေစောင့်ကြည့်နေရပြီး ဟိုတယ်မှာ လာတည်းဖို့ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ဧည့်သည်တွေလည်း အကုန်ပြန်ပယ်ဖျက်သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ကိုးကား- KHAOSOD

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up