အနိုင်ရရန် ထိုက်တန်သည့် ခြေစွမ်းမျိုးမရှိခဲ့ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဝန်ခံ

အသင်းရဲ့အနေအထားဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခြင်းမရှိခဲ့ဖူးလို့ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားက ဝန်ခံလိုက်ပါတယ်။ ဆောက်သမ်တန်အသင်းကို နောက်ဆုံးမိနစ်ဂိုးနဲ့ အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် အခုလို ပြောတာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အဆင့် ၃ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရပြီး အဆင့် ၅ နေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဝီယီယမ်ဟာ ခေါင်းဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဧည့်သည်အသင်းကို ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆောက်သမ်တန်‌ ကစားသမား အိုဘာဖီမီက ၉၆ မိနစ်မှာ ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ဒါဟာ ချေပဂိုးကို ခွင့်ပြုပေးဖို့ အဆိုးရွားဆုံးအချိန်အခါ ဖြစ်ပေမဲ့ ဘောလုံးမှာ ဒါက ဖြစ်နေကျကိစ္စပါ။ ၃ မှတ်ရဖို့ သေချာသလောက် ရှိနေတဲ့အချိန်မှာမှ အမှတ်ခွဲပေးလိုက်ရတာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီရလဒ်ကို လက်ခံပြီး သင်ခန်းစာယူရပါမယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီပွဲမှာ အနိုင် ၃ မှတ်ရလောက်အောင် ထိုက်တန်တဲ့ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးဖြစ်နေခဲ့ပြီး ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ passing တွေမှာ ရစ်သမ်မမိခဲ့ပါဘူး။ အထူးသဖြင့် ၂ ဂိုး ၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာပေါ့။ ဒါပေမဲ့ တဘက်မှာလည်း ကျနော်တို့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ လက်စတာအသင်းတို့ ရလဒ်တွေ ဆိုးရွားနေတာကို အသုံးချဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အမ်းစထရောင်းရဲ့ အဖွင့်ဂိုးကို ရက်ဖို့ဒ်နဲ့ မာရှယ်တို့က ပြန်လည်ချေပနိုင်ခဲ့ပေမဲ့ နောက်ကျဂိုးကြောင့် အခုလို ၁ မှတ်ပဲ ရရှိခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဟာ လန်းဆန်းမှုမရှိဘဲ နွမ်းနယ်နေပုံရတယ်လို့ ထောက်ပြမှုတချို့ ရှိခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ဒါကို လက်မခံခဲ့ပါဘူး။ “ကျနော်ကတော့ ဒီလို မထင်ပါဘူး။ ကျနော်တို့က လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီဟာ ကျနော်တို့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ပြီး ပြိုင်ဘက်က အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ခဲ့တဲ့နေ့တွေထဲက တစ်နေ့ပါ” လို့ သူက တုံ့ပြန်သွားပါတယ်။  ဒီပွဲစဉ်မှာ ယူနိုက်တက်လူငယ်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်ကို ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီရိုက ကြမ်းတမ်းစွာ ကစားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က အရေးမယူခဲ့တဲ့ ကိစ္စကလည်း တော်တော်လေး ပြောစရာ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up