မန်စီးတီး၏ ပြစ်ဒဏ်အခြေအနေအပေါ် လုံးဝ မျှော်လင့်ချက်မထားခဲ့ဟု လမ်းပတ် ပြော

မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အယူခံနဲ့ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ မထားရှိခဲ့ဘူးလို့ ချဲလ်ဆီးအသင်း နည်းပြ လမ်းပတ်က ပြောပါတယ်။  မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် UEFA ရဲ့ ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့် နှစ်နှစ် ပိတ်ခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်နဲ့ ပတ်သက်တဲ့ မန်စီးတီးအသင်းရဲ့ အယူခံကို UEFA က တနင်္လာနေ့မှာ လက်ခံခဲ့တာကြောင့် မန်စီးတီးဟာ နောက်ရာသီချန်ပီလံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းသာ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာကို ရမယ့်အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့  ပြစ်ဒဏ် ပယ်ဖျက်ခံလိုက်ရတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁ ကနေ ၄ အထိ ၄ သင်းပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဒီနေ့မနက် ယူနိုက်တက်-ဆောက်သမ်တန် အသင်းတို့ပွဲက သရေကျသွားလို့ ဒီနေရာကို ဖယ်မပေး ရသေးပါဘူး။ မန်စီးတီးအသင်းနဲ့ပတ်သက်တဲ့ UEFA ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ကျနော် ဒီကိစ္စမှာ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ ပြီးတော့ ဒီဖြစ်ရပ်အပေါ် သေသေချာချာ သိထားတာမျိုးလည်း မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် ဘာမှ မျှော်လင့်ချက် မထားခဲ့ပါဘူး။ ကျနော်တို့ ကိုယ့်အခြေအနေကိုသာ ကိုယ်ကြည့်နေတာဖြစ်ပြီး လုံလောက်တဲ့ပွဲတွေကို အနိုင်ရမယ်ဆိုရင် ကျနော်တို့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ အရာအားလုံးဟာ ကျနော်တို့ပေါ်မှာပဲ မူတည်နေပါတယ်။ အပြင်အကြောင်းအရာ တစ်ခုခုကြောင့် ကျနော့်ကစားသမားတွေ ကြိုးစားမှု လျော့သွားတာမျိုး မဖြစ်စေချင်ပါဘူး။ မန်စီးတီး ချန်ပီယံလိဂ်က ပိတ်ပင်ခံရသည် ဖြစ်စေ၊ မပိတ်ခံရသည် ဖြစ်စေ ကျနော်တို့သာ အနိုင်ရလဒ်တွေကို ဖော်ဆောင်နိုင်မယ်ဆိုရင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up