လီဗာပူးနည်းပြ ကလော့ပ် ၂၀၂၄ ခုနှစ်တွင် အသင်းက ထွက်ခွာမည် 

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် ၂၀၂၄ ခုနှစ်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ အသက် ၅၃ နှစ်အရွယ် ဂျာမန်နိုင်ငံသား ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကမှ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းမှာ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ကလော့ပ်လက်ထက်မှာ ချန်ပီယံလိဂ်အပြင် ဖီဖာကမ္ဘာ့ကလပ်များ ဖလားကိုလည်း ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ် ဆွတ်ခူးရရှိခဲ့ပြီးနောက် ကလော့ပ်အတွက် လက်ရှိ လုပ်ဆောင်ရမှာက ဒီအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး အသင်းအတွက် နောက်ထပ် သမိုင်းအသစ်တစ်ခုကို ရေးထိုးဖို့ ဖြစ်ပါတယ်။  ဒီလုပ်ဆောင်မှုတွေကိုလည်း ကလော့ပ်က ကိုယ်တိုင်ကိုယ်ကျ ဆက်လက် လုပ်ဆောင်သွားဖွယ် ရှိနေပေမယ့် တခြားတဘက်မှာလည်း သူဟာ သူ့နည်းပြဘဝ နောက်ထပ် စာမျက်နှာသစ်တစ်ခုအတွက် စတင်မှုတွေ လုပ်ဆာင်နေပြီ ဖြစ်ပါတယ်။ SWR Sport သတင်းဌာနက အင်္ဂလန်မှာ ဘယ်လောက်ကြာကြာ ဆက်နေသွားဦးမလဲလို့ မေးမြန်းခဲ့ရာမှာ ကလော့ပ်က “လီဗာပူးအသင်းမှာ နောက်ထပ် ၄ နှစ်” လို့ ပြန်ဖြေခဲ့တာပါ။ မွေးရပ်မြေ ဂျာမနီနိုင်ငံကို ပြန်ဖို့အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာလည်း “မိန့်ဇ်ကို ပြန်ဖို့ အဖြစ်နိုင်ဆုံးပါ” လို့ သူက ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့ ကလော့ပ်က သူနဲ့ လီဗာပူးအသင်း စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်ဖို့ရှိနေကြောင်း ပြောခဲ့ပြီးတော့ နောက်ထပ် ကလပ်အသင်းတစ်ခု၊ နိုင်ငံအသင်းတစ်ခု ဒါမှမဟုတ် ဘာအလုပ်ကိုမှ လက်မခံသေးဘဲ တစ်နှစ်လောက် အနားယူနေတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ ကလော့ပ်ဟာ လီဗာပူးအသင်းကို ၂၀၁၅ အောက်တိုဘာလမှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး ရေရှည်စီမံကိန်းတွေ ရေးဆွဲနေပေမယ့် အခုချိန်မှာ ပြောင်းလဲမှုတွေဟာ လျင်လျင်မြန်မြန် ပေါ်ပေါက်နေတာကိုလည်း သတိပြုမိပုံရပါတယ်။  “ငါးနှစ်အတွင်းမှာ ကမ္ဘာကြီးဟာ နောက်ထပ်ခြားနားမှုတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်” လို့ သူက ပြောပါတယ်။  ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ နှစ်ချီ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အောင်မြင်မှုရရှိချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေနဲ့အတူတူ အောင်ပွဲခံခွင့်မရရှိသေးပါဘူး။  ဒါပေမဲ့ ကလော့ပ်ကတော့ ကျန်းမာရေးပြဿနာတွေ အေးချမ်းသွားချိန်မှာ ပါတီပွဲ ကြီးကြီးမားမား လုပ်ပြီး သေချာပေါက် အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။  “ဖလားရပြီး ၄၊ ၅ လလောက်ကြာခါမှ အောင်ပွဲခံပါတီ ကျင်းပတာ နည်းနည်းလေး ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ အခွင့်အရေးရပြီဆိုတာနဲ့ အောင်ပွဲခံပါတီကို ကျင်းပသွားမှာ ဖြစ်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up