ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာပြည် ကံကောင်းဟု ကာချုပ်ပြော
DVB
·
July 14, 2020
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကံကောင်းတဲ့ အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၁၃ မွန်းလွဲပိုင်းက ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အင်းလေးဒေသတို့မှ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်တွေနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပင်လုံရိပ်သာခန်းမမှာ တွေ့ဆုံ ပြောကြားခဲ့တာလို့ တပ်မတော်သတင်းအရ သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ဇူလိုင် ၁၃ ရက် မ နက် ၇ နာရီအထိ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်ခံရသူ ၁၂ သန်း ၈ သိန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော်၊ ပြန်လည် သက်သာလာသူ ၇ သန်းကျော်အနက် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃၃၁ ဦးရှိ ပြီဖြစ်ကြောင်း၊ ကမ္ဘာနှင့်အဝန်း ဆိုးရွားစွာဖြစ်ပွားနေချိန်မှာ မိမိတို့နိုင်ငံအနေနဲ့ ကံကောင်းတယ်လို့ ဆိုရမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ အခြေအနေတွေ ဆိုးရွားလာမှုသတင်းတွေကြောင့် တပ်မတော်ရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့ စစ်မှုထမ်းသက်တစ်လျှောက်မှာ တစ်ကြိမ်သာကြုံတွေ့နိုင်မယ့် အခုနှစ် မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက်စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကြီးကျင်းပဖို့ စီစဉ်နေမှုတွေကိုတောင် ရွှေ့ဆိုင်းခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ တစ်ကမ္ဘာလုံးမှာ ပိုမိုဆိုးရွားစွာဖြစ်ပွားနေပြီး မိမိတို့နိုင်ငံမှာ ဖြစ်ပွားမှုနည်းပါးပေမဲ့ ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာခြင်းနဲ့ တခြားရိုက်ခတ်မှုများစွာရှိလာခဲ့ကြောင်း၊ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိလို့ စားရေးမှာ အခက်အခဲများဖြစ်ပေါ်လာကြောင်းလည်း ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး လည်ပတ်မှုတို့တွင် များစွာပျက်ယွင်းခဲ့ရပြီး မိမိတို့နိုင်ငံအနေနဲ့ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင်စတင်လျှောက်လှမ်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီဖြ စ်ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ခဲ့သော်လည်း တိုးတက်မှုနှေးကွေးပြီး တိုင်းပြည်အတွက် လုပ်ဆောင်ရန်များစွာရှိနေသေးသဖြင့် အားလုံးစုစုစည်းစည်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ခေါင်းဆောင်တဲ့အဖွဲ့က တိုင်းရင်းသားအဖွဲ့အစည်းတာဝန်ရှိသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းတွေ၊ ဆေးရုံသုံးပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-CINCDS