ကိုယ်စားလှယ်လောင်း စိစစ်မည့်အချိန်၌ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားမည်

လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း စိစစ်မယ့်အချိန်မှာ လွှတ်တော်အစည်းအဝေးတွေကို ခဏရပ်နားဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၃ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ အဖွင့်နှုတ်ခွန်းဆက်မှာ ပြောကြားသွားတာပါ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၂၀ ရက်ကနေ ဩဂုတ် ၇ ရက်နေ့အထိ ဆောင်ရွက်ရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း စိစစ်မှုကိုတော့ ဩဂုတ် ၈ ရက်ကနေ ၁၈ ရက်အထိ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လွှတ်တော်နာယက ဦးတီခွန်မြတ်က “ တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်တွေကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက်ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကျင်းပမယ့် ကာလအတွင်းမှာ ပါဝင်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော် အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မယ့် ကာလအတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ ကာလကိုတော့ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားပေးဖို့ လျာထားပါတယ် ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဩဂုတ်လ နောက်ဆုံးအပတ်မှာ အပြီးပြုလုပ်ဖို့ လျာထားပြီး အစည်းအဝေးကာလအတွင်းမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအတည်ပြုတာတွေကို ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up