
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက် စတင် ဆွေးနွေးကြပါတယ်။
ဒီဆွေးနွေးပွဲဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ် သဘောတူရာက ၂၀၁၁ နှစ်လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် နှစ်ဘက်အကြား မြစ်ကြီးနားမှာ ပထမဆုံးအကြိမ် ပြန်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ သမ္မတအကြံပေးတွေအပါအ၀င် အယောက် ၂၀ လောက် တက်ရောက်ပါတယ်။
ကေအိုင်အိုဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီးဇော်ရော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီးခွန်နောင်နဲ့အတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေအပါအ၀င် စုစုပေါင်း အယောက် ၂၀ လောက် တက်ရောက်ကြတယ်လို့ ကိုယ်တိုင်သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ထွန်းမြင့်က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားလည်း တက်ရောက်သလို တရုတ်နိုင်ငံ ကိုယ်စားလှယ်ကတော့ နာရီဝက်ခန့် နောက်ကျရောက်ရှိတယ်လို့ ဆိုပါတယ်။
မနက်ပိုင်းမှာ ဆွေးနွေးပွဲလုပ်မယ့် မူဝါဒအခြေခံတွေ ဆွေးနွေးတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက အဖွင့်အမှာစကားပြောရာမှာ သမ္မတဦးသိန်းစိန်က မှာကြားလိုက်တာတွေကို ထည့်သွင်းပြောဆိုတယ်လို့ ဦးအောင်ထွန်းမြင့်က ဆိုပါတယ်။
“ဒီပွဲအတွက် အများကြီးမျှော်လင့်ထားတယ်ဆိုတာကို ပြောတယ်။ သမ္မတကြီး ရဲ့ သဘောဆန္ဒတွေလည်း ပြောတယ်။ သမ္မတကြီးကတော့ လာမယ့် ဇွန်၊ ဇူလိုင်လောက် ထဲမှာပေါ့နော် တိုင်းရင်းသားပေါင်းစုံနဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်၊ မျှော်လင့်တယ်ပေါ့” လို့ ပြောပါတယ်။
ဒီအစည်းအဝေးမှာ အစိုးရဘက်က ကိုင်စွဲတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ကေအိုင်အိုဘက်က ကိုင်စွဲတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းရေးအတွက် ၂ ခုစလုံးကိုလည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။
အစည်းအဝေးအစပိုင်းမှာ မီဒီယာအတော်များများကို သတင်းယူခွင့်ပေးပြီး မွန်းမတည့်ခင် ကော်ဖီသောက်ချိန်နောက်ပိုင်းမှာတော့ အစိုးရနဲ့ နီးစပ်တဲ့မီဒီယာတွေကိုသာ သတင်းယူခွင့်ပေးပြီး ကျန်မီဒီယာတွေကို အစည်းအဝေးခန်းထဲ သတင်းယူခွင့်မပေးတော့ဘူးလို့ ဦးအောင်ထွန်းမြင့်က ပြောပါတယ်။
“လက်ဖက်ရည်သောက် နားချိန်ပြီးရင် ကျနော်တို့ ၀င်လို့မရဘူး။ MRTV ရယ်။ စကိုင်းနက်နဲ့ မြ၀တီရယ်ပဲ ၀င်လို့ရမယ်လို့ ပြောတယ်။ နောက် ပြည်ပမီဒီယာတခု ၀င်ခွင့်ပေးမယ်တဲ့။ သူတို့ ဖိတ်ကြားထားတဲ့ စာရင်းရှိတဲ့သူလောက်ပဲ ပေးဝင်မယ်ပြောတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ် ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းက နှစ်ဘက် ပြဿနာ ဖြစ်ပွားနိုင်တဲ့ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချဖို့အတွက် အောက်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ပြီး အခုဆွေးနွေးပွဲမှာ အစိုးရဘက်က အပစ်အခတ်ရပ်ရေး၊ နယ်မြေသတ်မှတ်ရေးနဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးကိစ္စတွေ ဆက်ဆွေးနွေးကြဖွယ် ရှိနေပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/KIA and Gov PeaceTalk MKN/]











