Home
မြန်မာသတင်း
ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းကွယ်လွန်
DVB
·
July 13, 2020
107848763_622079072046542_8361654570920585219_n
ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၆ နာရီခွဲက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ ဦးမန်းဝင်းရဲ့ သားဖြစ်တဲ့ ချမ်းသာမန်းဝင်းက သူရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာဖခင်ဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ ရပါတယ်။        “နောက်ဆုံး အချိန်ထိ သားကြိုးစားခဲ့ပါတယ် ဖေကြီးရယ်။ ဖေကြီး ကောင်းမွန်စွာ အိပ်ပါ အနားယူပါတော့။ ဖေဖေ့ ထွက်သက်မှာ သားဖေကြီးလက်ကို ကိုင်ခွင့်ရတာ ကျေနပ်ပါတယ်။ သေခြင်းတရားက အင်အားကြီးတော့ အရှုံးပေးလိုက်ရပြီပေါ့ဗျာ။ စင်ပေါ်မှာ သားအဖတွေ ‌လူရွှင်တော် အတူတူကခဲ့ကြတယ်။ ခရီးတွေ အတူတူထွက်ခဲ့ကြတယ်။ ခုတော့ ဖေကြီးက သွားနှင့်ပြီပေါ့ဗျာ” ပရိသတ်တွေကို ထိမိတဲ့ ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်ကြီးမန်းဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိ နေခဲ့ပြီဖြစ်ကာ နှလုံးရောဂါလည်း ခံစားနေရတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ လပိုင်းတုန်းက ဦးနှောက်သွေးယိုစိမ့်ခဲ့လို့ ပင်လုံဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဦးမန်းဝင်းကိုတော့ ပရိသတ်တွေက လူရွှင်တော်တယောက်အနေနဲ့ စတင်သိရှိခဲ့ကြပြီး အငြိမ့်တွေ၊ ဇာတ်ပွဲတွေများစွာမှာ ကပြဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြပြီး မိသားစုနဲ့အတူ ကြေကွဲဝမ်းနည်းရကြောင်း မှတ်ချက်တွေ ရေးသားနေကြတာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024