ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံး
DVB
·
July 13, 2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ဧရာဝတီလင်းပိုင်(အမ) တစ်ကောင် သေဆုံးသွားတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ဝင် ဆည်သည်မြောက်ကျေးရွာနေ ဦးမြင့်အောင်ရဲ့ သတင်းပေးချက်အရ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း ဦးဆောင်တဲ့အဖွဲ့မှ စစ်ဆေးခဲ့တာမှာ သေဆုံးနေတဲ့ လင်းပိုင်ကိုတွေ့ရှိခဲ့တာပါ။
သေဆုံးတဲ့ ဧရာဝတီလင်းပိုင်အမဟာ ခန္ဓာကိုယ်အလျား ၅ ပေ၊ ၂ လက်မနဲ့ ခန္ဓာကိုယ်လုံးပတ် ၃ ပေ၊ ၂ လက်မ၊ အမြီးရွက် ၂ ခု အစွန်းအကြား ၁ ပေ၊ ၂ လက်မ ရှေ့ရေယက်အ လျား ၁၁ လက်မ ရှိပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ မြစ်ရေတိုးလာတဲ့အချိန်မှာ ငါးတွေရှိတဲ့ ချောင်းရိုး၊ ချောင်းဖျားအထိ လိုက်လံအစာရှာဖွေ စားသောက်တဲ့ အလေ့အထရှိပြီး ပိုက်ငြိ သေဆုံးတာနဲ့ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးတာနဲ့ ရင်ဆိုင်တွေ့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီလင်းပိုင်သေကို မှတ်တမ်းထားရှိနိုင်ရေး ဆည်သည်ကျေးရွာ အနောက်ဘက် သောင်ခုံမှာ အမှတ်အသားပြုလုပ်ပြီး မြစ်သဲနဲ့ မြုပ်နှံထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာ မြို့နယ်မှာ တလသားအရွယ်လောက်သာရှိသေးတဲ့ ဧရာဝတီလင်းပိုင်(အမ) သားပေါက်တစ်ကောင်ဟာ ဘက်ထရီရှော့နဲ့ထိတွေ့ခဲ့တဲ့အတွက် ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ဒဏ်ရာရပြီး သေဆုံးသွားခဲ့ပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ ကမ္ဘာမှာ မျိုးတုံးပျောက်ကွယ်တော့မယ့် ရှားပါးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်း ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်ကျက်စားနေကြတာ ဖြစ်ပါတယ်။
လက်ရှိ ဧရာဝတီမြစ်ထဲမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနဲ့ WCS အဖွဲ့တို့က ထိန်းသိမ်းထားတဲ့ ဧရာဝတီလင်းပိုင် အကောင် ၇၀ လောက်ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- WCS