DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာကလေးယူခွင့် ကန့်သတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
DVB
·
May 27, 2013
Donate to DVB

ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာတွေကို ကလေး ၂ ယောက်သာ ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူ့အခွင့်အရေးကို ဆန့်ကျင်နေတာကြောင့် ခွဲခြားဆက်ဆံခြင်းပဲလို့  ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဝေဖန်လိုက်ပါတယ်။

သူ့အနေနဲ့ အရင်စစ်အစိုးရက သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ရခိုင်ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း ဒေသခံအာဏာပိုင်တွေ လတ်တလောမှာ ထပ်လောင်း အတည်ပြုလိုက်တဲ့ အငြင်းပွားစရာ အမိန့်ကို ကန့်ကွက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို အေအက်ဖ်ပီသတင်းက ရေးပါတယ်။

ဒီလို ခွဲခြားဆက်ဆံတာ မကောင်းကြောင်းနဲ့ လူ့အခွင့်အရေးနဲ့လည်း မညီကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပြီး ဒီမူဝါဒကို အကောင်အထည် ဖော်နေသလားဆိုတာကို အတည်မပြုနိုင်ဘူးလို့လဲ ထပ်ဖြည့် ပြောဆိုပါတယ်။

ဒီအမိန့်ကို မွတ်စလင်အများဆုံးရှိတဲ့ ရခိုင်ပြည်နယ်က မြို့ ၂ မြို့မှာ အတည်ပြုထားတဲ့အကြောင်း ရခိုင်အာဏာပိုင်တွေက မေ ၂၆ ရက်နေ့မှာ အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအမိန့်ဟာ တလင်တမယားစနစ်ကို ကျင့်သုံးစေဖို့နဲ့ သားသမီး ၂ ယောက်ထက် ပိုပြီး မမွေးဖို့ စီစဉ်ထားတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အသိုင်းအ၀ိုင်းတွေကြားက ပဋိပက္ခတွေအပေါ် ကြောက်ရွံ့စိုးရိမ်မှု တွေကြောင့် အရင်ကတည်းက ဒီမူဝါဒကို ချမှတ်ထားတာလို့ ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ လူဦးရေကို ထိန်းချုပ်ကန့်သတ်ထားတဲ့ ဒီမူဝါဒဟာ စက်ဆုပ်စရာ၊ လူမဆန်မှုနဲ့ လူ့အခွင့်အရေးကို လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

ဧပြီလက ထုတ်ပြန်ခဲ့တဲ့ တရားဝင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ပဋိပက္ခတွေ တိုးပွားစေတဲ့အချက်တွေထဲမှာ ရိုဟင်ဂျာတွေအကြား မွေးဖွားမှုနှုန်း မြင့်မားနေတာကို ရပ်တန့်စေဖို့  မိသားစုစီမံကိန်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုထားချက် ပါဝင်ပါတယ်။

ရိုဟင်ဂျာတွေအကြားမှာ ကလေးမွေးနှုန်းကို တားဆီးဖို့ကြိုးစားနေတာလို့ ဒေသအာဏာပိုင်တွေကို အရင်ကတည်းက စွပ်စွဲပြောဆိုနေတာ ဖြစ်ပါတယ်။

အိမ်ထောင်စုတခုကို ကလေး ၂ ယောက်ထက် ကျော်လွန်မွေးဖွားခွင့်ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ရင်းနဲ့ သူတို့တွေကို တရားဝင်အခွင့်အရေးတွေနဲ့ စောင့်ရှောက်ခွင့်တွေ မရရှိအောင် ငြင်းပယ်နေတာလို့လည်း ဆိုထားပါတယ်။

မြန်မာအစိုးရကတော့ အကြမ်းဖျင်း ရိုဟင်ဂျာလူဦးရေ ၈ သိန်းလောက်ကို တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေလို့ သတ်မှတ်ထားပြီး နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013