DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းလယ်မြေ တန်ဖိုးအတိုင်း ပေါက်မြို့တောင်သူများ ရလို
DVB
·
May 27, 2013
Donate to DVB

ပေါက်မြို့နယ်မှာ စစ်တပ်က သိမ်းပြီး သီးစားချထားတဲ့ တောင်သူတွေရဲ့ နှမ်းခင်းကို ဆောက်လုပ်ရေးကုမ္ပဏီက အလံစိုက်တာကြောင့် တောင်သူတွေ မကျေမနပ်ဖြစ်ပြီး ကာလပေါက်ဈေးအတိုင်း နစ်နာကြေးရဖို့ တောင်းဆိုနေကြပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မြားစိုင်းကျေးရွာအုပ်စုမှာ တပ်ကသိမ်းထားတဲ့ လယ်မြေတွေထဲမှာ စိုက်ထားတဲ့ တောင်သူတွေရဲ့နှမ်းခင်းကို ဆောက်လုပ်ရေးကုမ္ပဏီက အလံတိုင်စိုက်လိုက်တာကြောင့် ရွာသားတွေ မကျေမနပ်ဖြစ်နေတာပါ။

ဒီမြေတွေဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်(၂၄)အစိုးရတပ်က တပ်မြေအဖြစ် ဧက ၃ သောင်းကျော်ကို သိမ်းပြီး သီးစားပြန်ချထားတာပါ။

သိမ်းခံရတဲ့ရွာတွေကတော့  ရေဖြူ၊ မြှားစိုင်း၊ ပျဉ်းမ၊ ချောင်းကူး၊ တလောင်း၊ ယဉ်ကောင်၊ မိုးကောင်း၊ အုန်းပင်၊ လေးပင်အိုင်စတဲ့ ရွာပေါင်း ၁၂ ရွာက ရွာသားပိုင်လယ်မြေတွေဖြစ်ပြီး ၂၀၁၁ နှစ်လယ်ပိုင်းမှာ ၁ ဧကလျှင် ကျပ် ၅၀၀၀ နှုန်း ပေးလျော်ခဲ့ပါတယ်။

နောက်ထပ် ထပ်မံစိုက်ခွင့်မရတော့ဘူးဆိုရင် နိုင်ငံတော်ထံကနေ ထိုက်သင့်တဲ့ နစ်နာကြေးကို  လိုချင်တယ်လို့ တောင်သူဦးစောအောင်က ပြောပါတယ်။

“ကျနော်တို့ ယာမြေတွေကို အလံစိုက်တာကို ကားနဲ့လိုက်ကြည့်တယ်။ ကျနော်တို့ကတော့ ပြောတယ်၊ နှမ်းတွေစိုက်ပြီးသား၊ မလုပ်ပါနဲ့လို့။ ကုမ္ပဏီဆိုတာမျိုးက မနစ်နာအောင်လုပ်ပါတယ်တဲ့။ ဘာလုပ်ပေးမယ်ဆိုတာမျိုးတော့ မပြောသေးဘူး။ နိုင်ငံတော်ကပြဋ္ဌာန်းတဲ့ ငွေကြေးရရင်တော့ ပေးရမှာပဲ။ အဲလိုမပေးရင်တော့ ကျနော်တို့ကလည်း မပေးနိုင်ဘူး။ ၁ ဧကကို ၅ သောင်းပေးဖူးတာရှိတယ်။ အဲဒါလည်း တောင်သူများက လက်မှတ်ထိုးပေးထားတာ မဟုတ်ဘူး။ လက်မှတ်ကမထိုးရင်မပေးဘူး၊ ကိုယ့်ဘာသာထိုးရတာ၊ မယူချင်လည်း မရဘူး။ ယူကိုယူရတယ်။ ”

၂၀၁၀ ခုနှစ်က ၁ ဧကအတွက် ကျပ် ၅၀၀၀ ပေးရာမှာ အုပ်ချုပ်ရေးပိုင်းက သေချာမရှင်းပြတဲ့အတွက် ယူလိုက်ရတာလို့ မြားစိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“၁ ဧကကို ၅ သိန်းလောက်ရှိတယ်။ ၅၀၀၀ ကလည်း တောင်သူတွေကို နားလည်အောင် မပြောဘဲနဲ့ ယူရမယ်ဆိုပြီး ပိုက်ဆံပေးပြီး လက်မှတ်ထိုးခိုင်းတာ။ ၅၀၀၀ ရရှိကြောင်းတော့ လက်မှတ်ထိုးလိုက်ကြတယ်။ သူတို့ဘက်ကလည်း တောင်သူနားလည်အောင် မပြောဘဲ ကျန်တဲ့ နေရာ လုပ်စားလို့ရတယ်ဆိုပြီး ၅၀၀၀ နှုန်းပေးတာကို နားမလည်ဘဲ ထိုးယူလိုက်ရတာ။ လက်မှတ်ထိုးပြီးပြီ၊ ပိုက်ဆံပေးလိုက်ပြီးပြီဆိုပြီး အကုန်အပြီးအပိုင် လျော်ကြေးပေးပြီးပြီဆိုပြီး သုံးလိုက်တာ။ အစက အဲလိုမဟုတ်ဘူး။”

နှမ်းဝင်စိုက်ကြတဲ့တောင်သူတွေက ကုမ္ပဏီကိုသွားမေးတဲ့အခါ အဆောက်အဦ ဆောက်မှာဖြစ်တဲ့အတွက် အလံတိုင် လာစိုက်ထားတယ်လို့ ပြောကြောင်း တောင်သူ မတင်တင်ကြူကပြောပါတယ်။

တောင်သူတွေထံက လယ်သိမ်းပြီးတဲ့နောက် ဒုစက်ရုံမှူး ဦးကျော်မြင့်က စစ်တပ်ထံကနေ တနှစ်တခါ စာချုပ်နဲ့ ပြန်ငှားဖို့ လယ်သမားတွေကို လက်မှတ်ထိုးခိုင်းခဲ့ပြီး အဲဒီမြေတွေပေါ်မှာ သွားလာလုပ်ကိုင်စားသောက်မှုတွေကို ကန့်သတ်ခဲ့တာကြောင့် လယ်သမားတွေဘက်ကလည်း သမ္မတထံ တိုင်ခဲ့ပါသေးတယ်။

လွှတ်တော်တွေမှာတော့ စစ်အစိုးရလက်ထက် သိမ်းဆည်းခံခဲ့ရတဲ့လယ်မြေယာမြေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းပြီး ဖြေရှင်းပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013