မန္တလေးတိုင်းအတွင်း စက်ရုံလုပ်သားများကို ဈေးနှုန်းသက်သာစွာ ဆန်ရောင်းချပေးမည်

မန္တလေးတိုင်းအတွင်း စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ စက်မှုလုပ်သားတွေကို ဈေးနှုန်းသက်သာစွာနဲ့ ဆန်ရောင်းပေးဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) က ပြောပါတယ်။ အရေးပေါ်ကိစ္စတွေမှာ သုံးစွဲနိုင်ဖို့ထားရှိတဲ့ နိုင်ငံတော်အရန်ရိက္ခာဆန်ကနေ ရောင်းချပေးမှာဖြစ်ပြီး မန္တလေးတိုင်းအတွက် အရေးပေါ်ရိက္ခာ ဆန်တန်ချိန် ၃၀၀၀ သိုလှောင်ထားတယ်လို့ MRCCI အသင်းရဲ့ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောပါတယ်။ “စက်ရုံ အလုပ်ရုံတွေကို ကျနော်တို့ ဦးစားပေးပြီး ဆန် ၂၄ပြည် တစ်အိတ်ကို ၂၂၈၀၀ ကျပ်နဲ့ သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးနိုင်ဖို့အတွက် ဒီသက်ဆိုင်ရာစက်မှုဇုန်ကော်မတီကနေတဆင့် မန္တလေးတိုင်းမှာ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့ဒီအပြင် ၀ယ်ယူချင်တဲ့ လိုအပ်နေတဲ့ နေရာတွေကိုလည်း လိုအပ်တယ်ဆိုလို့ရှိရင် ဒီဈေးနဲ့ရောင်းချပေးနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလိုရောင်းချပေးဖို့ မြန်မာနိုင်ငံ စက်မှုကုန်သည်များအသင်းချုပ် (UMFCCI)၊မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆန်စပါးအသင်းတွေ ပူးပေါင်းဆောင်ရွက်တာလို့ သိရပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ လုပ်သားတွေကို စိစစ်ရောင်းချပေးနိုင်ဖို့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဦးဥက္ကာကျော်က ပြောပါတယ်။  “ဥပမာ စက်ရုံတရုံမှာ ဆန်အိတ် ဘယ်နှပိုင်းလောက်ထိ လိုအပ်တယ်၊ အဲဒီလိုမျိုးနဲ့ အရေအတွက်တွေရလာပြီဆိုလို့ရှိရင် အဲဒီအရေအတွက်တွေကိုမှ ဖြန့်ဖြူးရေးဘက်ကို ကျနော်တို့က အကြောင်းကြားပြီး ဂိုဒေါင်တွေကနေတဆင့် ဘယ်ဂိုဒေါင်တွေ၊ ဘယ်စက်ရုံ စသဖြင့် ထောက်ခံချက်တခုခုနဲ့ သွားရောက်ထုတ်ယူနိုင်ပြီး ၀ယ်ယူနိုင်တယ် ဆိုတာမျိုးပေါ့နော်။ ကျနော်တို့က ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ တိုင်ပင်ပြီး စိစစ်ဆောင်ရွက်သွားဖို့ရှိပါတယ်။” အရေးပေါ်ရိက္ခာဆန်တွေကို ကျောက်ဆည်မြို့အနီးက ဂိုဒေါင်နှစ်ခုနဲ့ မန္တလေးမြို့က ဗဟိုသိုလှောင်ရုံမှာ သိုလှောင်ထားပြီး ဖြစ်ပါတယ်။ သိုလှောင်ထားတဲ့ ဆန်တန်ချိန် ၃၀၀၀ ဟာ ဆန်အိတ်ပေါင်း ၆ သောင်းကျော်ပမာဏရှိပြီး ပြည်ပကို တင်ပို့မယ့် အရည်အသွေးမြင့် ဆန်အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up