ဂျပန်ရောက် မြန်မာများ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် စတင်လှုပ်ရှား
ဇော်ဇော်လှိုင်
·
July 12, 2020
၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့အတွက် လျှောက်ထားရမယ့် ပုံစံ-၁၅ ဖြန့်ဝေတာတွေနဲ့ ဖြည့်သွင်းရမယ့် ပုံစံတွေ ရှင်းလင်းပေးတာတွေကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ တခဒနော့ဘဘ မှာ ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀ ကျော်က ပြုလုပ်ခဲ့ကြပါတယ်။
ဂျပန်ရောက် မြန်မာအများဆုံးနေထိုင်တဲ့ တခဒနော့ဘဘမှာ မြန်မာအစားအစာဆိုင် ၃၀ ကျော်ရှိပြီး တနင်္ဂနွေနေ့မှာ မြန်မာတွေ စျေးလာဝယ်ကြလို့ အခုလို ဒီနေရာကို ရွေးချယ်တာလို့လည်း ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိုးစန်းဦးက DVB ကို ပြောပြခဲ့ပါတယ်။
စျေးလာဝယ်ရင်း အခုလိုတွေ့လို့ ပုံစံစာရွက်ရတဲ့အပြင် ဖြည့်နည်းတွေပါရှင်းပြလို့ အခုလို ဆောင်ရွက်နေသူတွေကို ကျေးဇူးတင်ပါတယ်လို့ ချီးဘားခရိုင်က စျေးဝယ်လာသူ မစုမြတ်လွင်က ပြောပါတယ်။
ဂျပန်နိုင်ငံရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေအနေနဲ့ ပုံစံ (၁၅) ကို အချက်အလက်တွေ ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာသံရုံး၊ တိုကျိုမြို့ကို ဇူလိုင် ၁၆ ရက်ကနေ ဩဂုတ် ၅ ရက်အတွင်း ပြန်လည်ပေးပို့ရမှာပါ။
ပုံစံ(၁၅) နဲ့အတူ လက်ရှိ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်၊ ဓာတ်ပုံပါစာရွက် မိတ္တူနဲ့ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ကတ်မိတ္တူ၊ ပြန်လည်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကိုပါ ပေးပို့ရမယ်လို့ တိုကျိုမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။