မကွေးတိုင်း၌ ယခုနှစ် ငါးမျိုးစိတ်ကောင်ရေ ၅၄ သိန်းကျော် ထည့်သွင်း
DVB
·
July 12, 2020
မကွေးတိုင်းက မြစ်၊ ချောင်း၊ ဆည်မြောင်းတွေမှာ ငါးမျိုးစိတ်ကောင်ရေ ၅၄ သိန်းကျော် ချထားပေးတယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ရွှေက “ပြီးခဲ့တဲ့နှစ်ကလည်း ငါးမျိုးစိတ်ကောင်ရေ ၅၄ သိန်း စိုက်ထည့်ခဲ့သလို အခုနှစ်မှာလည်း ငါးမျိုးစိတ် ၅၄ သိန်းကျော် စိုက်ထည့်ထားတယ်။ ငါးသယံဇာတတွေ မပြုန်းတီးအောင် ရည်ရွယ်ပြီး နှစ်စဉ် ဒေသနဲ့ကိုက်ညီတဲ့ ငါးမြစ်ချင်း၊ ရွှေဝါ၊ ငါးခုံးမ သုံးမျိုးကို အခမဲ့ စိုက်ထည့်ပေးတာ” လို့ ပြောပါတယ်။
ငါးမျိုးစိတ် စိုက်ထည့်ပေးတဲ့ နေရာတွေကတော့ ဆည်မြောင်း၊ တာတမံ၊ ကျေးရွာ ကန်၊ လယ်ကွင်းနဲ့ ဧရာဝတီမြစ်အတွင်းမှာ စိုက်ထည့်ပေးတာလို့ ဆိုပါတယ်။
တစ်လက်မခွဲအရွယ် ငါးသားပေါက်တွေ ထည့်ပြီး မေ၊ ဇွန်၊ ဇူလိုင် သုံးလကို ငါးမဖမ်း ရဆိုပြီးတော့ အမိန့်တွေ ထုတ်ပြန်ပြီး စောင့်ရှောက်တာတွေ ပြုလုပ်ပေးနေတယ်လို့ ဦးမြင့်ရွှေက ပြောပါတယ်။
ငါးစားသုံးခြင်းဟာ လူရဲ့ကိုယ်ခန္ဓာအတွက် အာဟာရများစွာ ဖြစ်စေတာကြောင့် မကွေးတိုင်းအတွင်းက စျေးတွေမှာ ‘COVID-19 ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး’ ဆိုတဲ့ ဆိုင်းဘုတ် ပိုစတာတွေ စိုက်ထူပေးခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ တောင်တွင်းကြီး ငါးသားဖောက်စခန်းနဲ့ ပွင့်ဖြူ ငါးသားဖောက်စခန်းတွေမှာ ငါးသားဖောက်လုပ်ငန်းတွေ လုပ်ကိုင်ပြီး နှစ်စဥ် သားဖောက်ရာသီဖြစ်တဲ့ မိုးရာသီမှာ ငါးသယံဇာတတွေ ပြန်လည်ဖြည့်ဆည်းတဲ့အနေနဲ့ အခမဲ့ စိုက်ထည့်ပေးနေတာ ဖြစ်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး