DVB Logo
Home
မြန်မာသတင်း
၁၉၉၀ ရွေးကောက်ပွဲ သမိုင်းသင်ခန်းစာကို မမေ့သင့်ဟုဆို
DVB
·
May 27, 2013
Donate to DVB

၁၉၉၀ ရွေးကောက်ပွဲက ပေးတဲ့ သမိုင်းသင်ခန်းစာကို မမေ့လျော့ဘဲ ယနေ့ အပြောင်းအလဲကို နိုင်ငံရေးသတိနဲ့ ဖြတ်သန်းကြဖို့ ပြည်ပရောက်နေတဲ့ ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ၂၃ နှစ်မြောက် အထိမ်းအမှတ်နဲ့ ပြည်ပရောက်နေတဲ့ ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

၉၀ ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုပဲ ဖျောက်ဖျက်နေပါစေ။ ပယ်ဖျောက်လို့ရတဲ့အရာ မဟုတ်ဘူးလို့ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“၁၉၉၀ ခုနှစ်တုန်းက အစိုးရက လွှတ်တော်ခေါ်မပေးလို့ ကျမတို့ဟာ အမျိုးမျိုးသော ဒုက္ခတွေကို ခံစားခဲ့ရတယ်။ ထောင်ကျခဲ့တယ်၊ ပြည်ပကို ထွက်ပြေးရတယ်။ ဒါတွေဟာ ပယ်ဖျောက်လို့မရဘူး။ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲမှာ အရွေးချယ်ခံရပြီး နိုင်ငံ့တာဝန်ကိုထမ်းဆောင်မယ် ဆိုပြီးလုပ်တဲ့အတွက် ထောင်ချခံရတယ်၊ နောက်ကနေ လိုက်စောင့်ကြည့်တာရှိခဲ့တယ်။ အခု ကျမတို့ အသက်ရှင်သရွေ့ကာလပတ်လုံး အဲပုံရိပ်တွေက ကျမတို့ဆီမှာ ရှိနေမှာပဲ။ အရင်တုန်းကဆို မြန်မာပြည်အစိုးရဟာ မတရားပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲက အနိုင်ရခဲ့ပေမယ့် န၀တအစိုးရက ပစ်ပယ်ထားတယ်။ ဘယ်တိုင်းပြည်မှမလုပ်တဲ့ reject လုပ်ထားတယ်။ အဲဒါတွေကို ပြယုဂ်အဖြစ်နဲ့ ဒီဘက်မှာပြခဲ့တယ်။ အခု အဲပြယုဂ်ကပျောက်သွားပလား။ ကျမတို့က မသေမှမသေဘဲ ရှိနေမှာပဲ။ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကျမတို့အနေနဲ့ ဆက်လုပ်ရမယ်။ လုပ်ချင်တဲ့ အင်အားတွေ၊ အရည်အချင်းတွေ ရှိနေသရွေ့အသက်မသေသရွေ့လုပ်နေရမှာပဲ။”

လက်ရှိမှာ ပြည်ပရောက်နေတဲ့ ၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၂ ဦး ရှိနေသေးကြောင်းနဲ့ ဒီအဖွဲ့တွေဟာ လတိုင်း အွန်လိုင်းမှာ တွေ့ဆုံပြီး မိမိတိုင်းပြည်မှာ လုပ်ဆောင်နိုင်တာကို ကူညီလုပ်ဆောင်နေကြတယ်လို့လည်း ဒေါ်စန်းစန်းက ပြောပါတယ်။

ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်တွေဟာ အခုလက်ရှိ တက်လာတဲ့ အစိုးရက စပြီး လုပ်ဆောင်နေပေမယ့် အပြည့်အ၀ မရှိတဲ့အတွက် တောင်းဆိုတာဖြစ်တယ်လို့ အခုလို ဆက်ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးဆိုတာနဲ့ တပြိုင်တည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတာပါ ပေးမှရမယ်။ ဒါမှပဲ ထောင်ကြွေးတွေဘာတွေ မကျန်ဘဲနဲ့ ကျမတို့လည်း ပြန်နိုင်မယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာကလည်း ငြိမ်းချမ်းရေးကို ဦးတည်တောင်းဆိုချက်ဖြစ်တယ်။ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတယ်ဆိုတာလည်း ကျမတို့ သိပါတယ်။ ဒါတွေကိုလည်း ကျမတို့ ထောက်ခံပါတယ်။ ဒါ ပိုပြီးလေးနက်အောင် ရေးထားတာဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် မတရားတဲ့ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့နဲ့ သက်ဆိုင်ရာ အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံတရပ် ခေါ်ယူကျင်းပဖို့ လည်း အဖွဲ့ရဲ့ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013