DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားရောက် ကေအိုင်အိုကို ပြည်သူများ သောင်းချီကြိုဆို
DVB
·
May 27, 2013
မြစ်ကြီးနားရောက် ကေအိုင်အိုကို ပြည်သူများ သောင်းချီကြိုဆို
Donate to DVB

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိလာတဲ့   ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို )ကို ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ကြိုဆိုခဲ့ပါတယ်။

ကေအိုင်အိုဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ်နဲ့ အဖွဲ့ဟာ ဆွေးနွေးပွဲကျင်းပမယ့် စီတာပူ မနောကွင်းက မဂျွယ်ခန်းမကို ဒီနေ့ မွန်းလွဲ ၁ နာရီမှာ ရောက်ရှိလာကြပြီး ၀င်လာရာလမ်းတလျှောက် သောင်းနဲ့ချီတဲ့ပြည်သူတွေ ခမ်းခမ်းနားနား ကြိုဆိုခဲ့တယ်လို့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရဲ့ မြို့မိမြို့ဖတဦးက ပြောပါတယ်။

[caption id="attachment_39903" align="alignleft" width="300" caption="Photo_ Lachid Kachin"][/caption]

“ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားကနေ မဂျွယ်ခန်းမ အ၀င်ဝအထိ  ၁ မိုင်ကျော်ကျော်လောက် ရှိတယ်။ လူကလုံးဝ အဆက်မပြတ် ကချင်ရိုးရာ အတီးအမှုတ်တွေနဲ့ အလံပါတဲ့ အ၀တ်တွေဝတ်တယ်။ အလံတွေ ဝှေ့ယမ်းပြီး ကချင်အမျိုးသားသီချင်းဆိုပြီး ကြိုနေကြတယ်။ ကေအိုင်အိုအလံ အကြီးကြီး ဆိုင်းဘုတ်လို ထောင်ပြီး အဖွဲ့လိုက် အဖွဲ့လိုက် ကြိုတာ ကားလမ်းတွေတောင် ပိတ်ဆို့သွားတယ်။”

ကေအိုင်အိုခေါင်းဆောင်တွေကို လာရောက်ကြိုဆိုတဲ့ ပြည်သူတွေထဲမှာ မြစ်ကြီးနားမြို့ ရပ်ကွက်ပေါင်း ၂၇ ခုက ပြည်သူတွေရော၊ ဧရာဝတီမြစ် တဘက်ကမ်း ၀ိုင်းမော်မြို့နယ်က ပြည်သူတွေ၊ အနီးအနား ပတ်ဝန်းကျင် ၃ - ၄ မိုင်အကွာမှာရှိတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေပါ လာရောက် ကြိုဆိုကြတယ်လို့ သူက ဆက်ပြောပါတယ်။

မြစ်ကြီးနားဒေသခံတွေအနေနဲ့ ကေအိုင်အိုကို အခုလို ၀မ်းပမ်းတသာ လာရောက် ကြိုဆိုနေတာဟာ  ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ဘဲ ကေအိုင်အိုဟာ ကချင်ပြည်သူတွေအတွက် တကယ်လုပ်ဆောင်နေတာလို့ လက်ခံယုံကြည်တဲ့အပြင်၊ စစ်မှန်တဲ့  ငြိမ်းချမ်းရေးကိုလည်း လိုလားလို့ ကြိုဆိုရတာဖြစ်ကြောင်း၊ ဒါဟာ ပထမဆုံးအကြိမ် လွတ်လပ်ပွင့်လင်းစွာ ကြိုဆိုခွင့်ရတဲ့အတွက် အားလုံးလည်း ကျေနပ်ဝမ်းသာနေတယ်လို့ သူက ပြောပါတယ်။

“အစကတော့ ကြိုဆိုဖို့ အစီအစဉ်မရှိဘူး။ ကေအိုင်အိုကလည်း အရမ်း မကြိုဆိုစေချင်ပါဘူး။ လူထုတအားများရင် သူတို့အတွက်တောင်မှ တစုံတခုပေါ့လေ။ ဖြစ်မှာစိုးလို့ သိပ်တောင် မကြိုစေချင်ဘူး။ သို့သော်လည်း ကချင်အမျိုးသားတွေက ကျနော်တို့ တသွေးထဲတသားထဲဖြစ်ပါတယ်။ သူတို့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀ ယုံကြည်လက်ခံတယ်၊ ထောက်ခံတယ်ဆိုတဲ့ သဘောမျိုးနဲ့ပါ။ ဘယ်အဖွဲ့အစည်းကမှ ဖိအားပေးကြိုခိုင်းတာမဟုတ်ဘူး။ မှန်ကန်တဲ့လမ်းကြောင်းမှာလျှောက်လှမ်းနေတယ်ဆိုတဲ့ တိုက်တွန်းတဲ့သဘော၊ အားပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။”

ကေအိုင်အို ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဒေါက်တာတူးဂျာကလည်း  ပြည်တွင်းမှာ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးရတဲ့အတွက် တိုးတက်တဲ့အနေအထားဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ယူအန်ကိုယ်စားလှယ်ပါ ပါဝင်လာတဲ့အတွက် ဆုံးဖြတ်ချက် တစုံတခု ရရှိမယ်လို့ မျှော်လင့်ကြောင်း ခုလိုပြောပါတယ်။

“၁၉၉၄ ခုနောက်ပိုင်း ဒါပထမအကြိမ်ပေါ့။ ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဆွေးနွေးပွဲလုပ်ဖြစ်တာ တိုးတက်မှုပါပဲ။ ဆွေးနွေးမယ့်အကြောင်းအရာက ဟိုတလောက အကြမ်းဖျင်းသဘောတူထားတဲ့ဟာပေါ့။ စစ်မက်အရှိန်လျှော့ချရေး၊ စစ်မြေပြင်စောင့်ကြည့်ရေးကော်မတီ. နိုင်ငံခြားကလည်းပါမယ်။ အဲဒါပြီးရင်တော့ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘယ်လိုခိုင်ခိုင်မာမာ ဆက်ဆွေးနွေးသွားမယ်ဆိုတာ ပါမယ်။ အဓိကတော့ စစ်ရေးနဲ့ နိုင်ငံရေးပေါ့။ တစုံတခုတော့ ရရှိလာမယ်လို့ မျှော်လင့်တယ်။”

ဆွေးနွေးပွဲကို မေ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ရှိပြီး နောက်တရက်မှာတော့   ကေအိုင်အိုနဲ့ ကချင် ရပ်မိရပ်ဖတွေ တွေ့ဆုံမယ်၊ အဲဒီနောက် ဆွေးနွေးပွဲပြန်စမယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်မယ့် ပုဂ္ဂိုလ်တွေကတော့ အစိုးရဘက်က   ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးအုန်းမြင့်၊  ဒုဝန်ကြီး ဦးဇော်ဝင်း၊ ဒုတိယရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာ မင်းဇော်ဦးနဲ့ ဒေါက်တာ အောင်နိုင်ဦး စတဲ့ ပုဂ္ဂိုလ်တွေ ရောက်နေကြပြီလို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနဲ့ မစ်စ် မာရီယာတို့လည်း ဒီနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဘက်ကတော့ တက်ရောက်လာတာ မတွေ့ဘူးလို့ ဆိုပါတယ်။

ကေအိုင်အိုဘက်က ဗိုလ်ချုပ်ဂွမ်မော်၊ ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လ၊ ဦးဇော်ဒေါင်၊ ဦးနော်ဘို၊ ဦးဆွမ်နောင်၊ ဦးဆင်ခေါနဲ့  ဦးခွန်ဆိုင်တို့ ပါဝင်တယ်လို့ သူက ဆက် ပြောပါတယ်။

မွန်၊ ရှမ်း၊ ကရင်နီ၊ ကရင်နဲ့ ချင်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ထဲကလည်း ကိုယ်စားလှယ် ၁၀ ဦးလောက် ရောက်ရှိနေကြပြီလို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရတပ်ကြား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးအတွက် အလွတ်သဘောရော၊ တရားဝင်အနေနဲ့ပါ အနည်းဆုံး ၁၃ ကြိမ် တွေ့ဆုံခဲ့ပေမယ့် ကေအိုင်အေ တပ်မဟာ ၄ ဘက်မှာ ပစ်ခတ်မှုတွေ   ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013