Home
မြန်မာသတင်း
ဦးကိတ္တိသာရ (ရုပ်ရှင်သရုပ်ဆောင်ကျော်ဟိန်း) ပျံလွန်တော်မူ
DVB
·
July 11, 2020
မြန်မာရုပ်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်ကျော်ဟိန်း (ဦးဇင်း  ကိတ္တိသာရ) သက်တော် ၇၃ နှစ်ဟာ သြစတြေးလျနိုင်ငံ ကမ်ဘာရာမြို့မှာ ဒီနေ့ မြန်မာစံတော်ချိန် ၉ နာရီခွဲလောက်မှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကျော်ဌေး ခေါ် သရုပ်ဆောင်အကယ်ဒမီ ကျော်ဟိန်းဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ အများအပြား ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်ကစလို့ ရဟန်းဘဝကို ခံယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးဇင်း ဦးကိတ္တိသာရဟာ ၂၀၁၇ ဖေဖော်ဝါရီလကတည်းက နှလုံးသွေးကြောပိတ်ပြီး Heart attack ရခဲ့တဲ့အပြင် လေဖြတ်သွားခဲ့တဲ့အတွက် သုံးလကြာ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါတယ်။ ဒီမနက် ဦးဇင် ဦးကိတ္တိသာရ ပျံလွန်တော်မူခဲ့တာနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေက ဝမ်းနည်းကြောင်း ရေးသားတာတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဦးကျော်ဟိန်းဟာ ၁၉၇၀-ပြည့်နှစ်ကစလို့ ရုပ်ရှင်မင်းသမီး စန္ဒာနဲ့အတူ ‘ဖူးစာလမ်းဆုံ’ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ရောက်ရှိခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမွှေး ကြွေလည်းမွှေး´ဇာတ်ကားတွေနဲ့ အကယ်ဒမီ ၄ ကြိမ်ရရှိခဲ့သလို  `မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့သလို တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သူ ဖြစ်ပြီး ရုပ်သံကြော်ငြာတွေမှာလည်း သရုပ်ဆောင်ကြေး အများဆုံးရသူ ဖြစ်ခဲ့ပါတယ်။  ဦးဇင်းဘဝနဲ့ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင်စေတီမှာ အသိ၊သတိ ကြေးသွန်းရုပ်ပွားတော်ကြီးကိုလည်း တည်ထားခဲ့သူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024