ဓာတ်ခွဲနမူနာ ၅၁၄ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိ
DVB
·
July 11, 2020
ဇူလိုင် ၁၀ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၁၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၀၂ ခုအား စစ်ဆေးရာမှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
အိန္ဒိယက ပြန်လာတဲ့ ရန်ကုန်တိုင်း ကမာရွတ်၊ ဗဟန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်နေ ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နေ ၂ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာ တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးနဲ့ မောင်တောမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၅၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၀ နဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၅၆၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၃ သန်းရှိပြီလို့ သိရပါတယ်။