အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က ပြန်လာသည့် ၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဓာတ်ခွဲနမူနာ ၁,၃၀၂ ခု စစ်ဆေးချက်အရ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၅၄ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၀၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က အခု ၁၄၀၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၀၃ ခုနဲ့  ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၉၆ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၀၂ ခုအား ဒီနေ့ည ပထမသုတ်အဖြစ် စစ်ဆေးခဲ့တာပါ။ အိန္ဒိယက ပြန်လာတဲ့ လူနာသစ် ၃ ဦးက ရန်ကုန်တိုင်း ကမာရွတ်၊ ဗဟန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေကဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ လူနာသစ် ၂ ဦးကတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖြစ်ပါတယ်။ သူတို့အားလုံးကို ကျောက်တံတားနဲ့ မောင်တောမြို့နယ်တို့မှာ အသွားအလာ ကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးမှာ ၃ ဦးနဲ့ မောင်တောမြို့ ဆေးရုံမှာ ၂ ဦး ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၅၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၀နဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၅၅၈,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၂၅ သန်းရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up