Home
မြန်မာသတင်း
လက်ပံတန်းမြို့တွင် ပြည်ပက တရားမဝင်ပြန်လာသူများရှိ၊ ရောဂါကူးမည်ကို စိုးရိမ်နေ
DVB
·
July 10, 2020
ပဲခူးတိုင်း၊ လက်ပံတန်းမြို့ကို ပြည်ပကနေ တရားဝင်မဝင် ပြန်လာတာတွေရှိနေလို့ စောင့်​ကြည့်ထိန်းချုပ်ရေး လုပ်ငန်းတွေ အခက်အခဲဖြစ်နေပြီး ရောဂါကူးစက်မှာ စိုးရိမ်နေရတယ်လို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အ​ထောက်အကူပြုကော်မတီက ပြောပါတယ်။ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့အထိ ပြည်ပကနေ တရားဝင်လမ်းကြောင်းနဲ့ ပြန်လာတာမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူ ၄ ဦး ရှိနေတဲ့အတွက် ရောဂါကူးစက်မှာကို စိုးရိမ်နေရတယ်လို့ မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ အ​ထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ထက်နိုင်က ​ပြောပါတယ်။ "အုပ်ချုပ်ရေးပိုင်းရဲ့ အစီအစဉ်တွေနဲ့ သက်ဆိုင်ရာနေရာတွေရောက်ဖို့ ပြင်းပြင်းထန်ထန် တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ အဲ့လို မလုပ်ခဲ့ဘူး ဆိုရင် သူတို့အစီအစဉ်နဲ့သူတို့ပြန်လို့ အဲ့အထဲက positive များတွေ့ခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် ဒီရောဂါပိုးနဲ့ ပက်သက်ပြီး ကျနော်တို့လုပ်နေတာတွေ အကုန်လုံး အလဟဿဖြစ်သွားနိုင်ပါတယ်။ ရောဂါပိုးတွေ ပြည်သူတွေဆီမှာ ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်မြို့တွေမှာ တင်းတင်းကျပ်ကျပ်နဲ့ ထိန်းချုပ်ပြီးတော့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။" နယ်စပ်မလုံရင် ရန်ကုန်မြို့မှာလည်း မလုံနိုင်သလို အခြားလည်း မလုံနိုင်တော့တဲ့အတွက် နယ်စပ်က အဓိက အရေးကြီးဆုံး ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်တွေ ဘယ်လိုရှိမှန်း၊ ဘယ်လိုဝင်လာကြမှန်း မသိကြောင်းနဲ့ အဓိက က နယ်စပ်ဂိတ်တွေလုံဖို့ နိုင်ငံတော်က စီစဉ်ရမယ်လို့ လက်ပံတန်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက သုံးသပ်ပြောဆိုပါတယ်။ လက်ပံတန်းမြို့နယ်မှာ ကိုယ့်အစီအစဉ်နဲ့ ပြန်လာပြီး သက်ဆိုင်ရာအကြောင်းမကြားဘဲ ရွာရောက်မှ သတင်းကြားလို့ တာဝန်ရှိသူတွေ သွားရောက်ခေါ်ခဲ့တာ ထိုင်းနိုင်ငံက ၂ ဦး၊ တရုတ်နိုင်ငံက ၂ ဦးရှိနေတယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက "အဓိက ဘယ်လိုပဲ ပြန်လာလာ ကျနော်တို့ဆီ သတင်းပို့ဖို့ လိုတယ်၊ သတင်းပို့တယ်ဆိုရင် သက်ဆိုင်ရာ Facility Quarantine မှာ သူ့ကိုထားရမယ်။ သတင်းမပို့တဲ့လူဆိုရင်တော့ ကျနော်တို့ တရားဥပဒေအရ အရေးယူရမှာ ဖြစ်တယ်။ ရပ်ကွက်ကျေးရွာတွေထဲမှာ ပြန်လာပြီး အကြောင်းမကြားဘဲ နေတာမျိုး သိရှိရင် အကြောင်းကြားပေးဖို့လည်း ကျနော်တို့ ကြေညာတာတွေ၊ အသိပေးဖြန့်ဝေမှုတွေ ပြုလုပ်ထားပါတယ်။" သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024