A d v e r t i s e m e n t With Us

ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်အရေးယူမည်ဟု တပ်မတော်ပြော

ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လှစ်အရေးယူသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနဲ့ ဦးအာလိယျ ၄၀ နှစ် တို့ ၃ ဦး ဦးဆောင်ပြီး ဒေသခံအင်အား ၂၂၀၀ လောက်ဟာ ခွင့်ပြုချက်မရဘဲ ကျောက်မဲမြို့နယ်၊ လုံဝယ်ဘုန်းကြီးကျောင်း အနီး ယာဉ်မျိုးစုံ အစီး ၅၀ လောက်နဲ့ ရောက်ရှိလာပြီး မနက် ၇ နာရီ ၂၅ မိနစ်ကနေ ၁၁ နာရီ အထိ ကျောက်မဲမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းအရင်းက ဇွန် ၂၉ ရက် မနက် ၈ နာရီလောက်မှာ ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတစ်ဝိုက် တပ်မတော်နဲ့ RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ အသက် ၆၀ အရွယ် ဦးအိုက်စု(ခ)လုံးစု (တောင်ယာလုပ်ကိုင်သူ) လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်ယုံ ၅၅ နှစ်နဲ့ ဦးမောင်ခေ ၅၆ နှစ်တို့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဲဒီဒေသခံ ၃ ဦးနဲ့ ပတ်သက်ပြီး တပ်မတော်က ပစ်ခတ်လို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်ဆိုပြီး အကြောင်းပြကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စုဝေး၊ စီတန်း လှည့်လည်ခွင့်ကို ဇူလိုင် ၉ ရက်မှာ တင်ပြခဲ့ပေမဲ့ ပြည်နယ်အစိုးရက ခွင့်မပြုကြောင်းသိရပြီး ခွင့်ပြုချက် မရရှိဘဲ စုဝေး၊စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဦးဆောင်သူ ၃ ဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တိုနဲ့ သက်ဆိုင်ရာဌာနတွေက အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up