ဖိလစ်ပိုင်ကပြန်လာသည့် အမျိုးသမီး ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 10, 2020
ဇူလိုင် ၉ ရက်နေ့အတွက် ဒုတယိသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၅၅၃ ခုအား စစ်ဆေးချက်အရ ဖိလစ်ပိုင်နိုင်ငံက ပြန်လာတဲ့ အမျိုးသမီးနှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်၊
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၅၃ ခုအား စစ်ဆေးပြီးစီးခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်က ပြန်လာတဲ့ ချမ်းအေးသာဇံမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်နေ အမျိုးသမီး ၂ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ် လူနာအမှတ် ၃၂၀ နဲ့ ၃၂၁ တို့ဟာ ဖိလစ်ပိုင်က ပြန်လာပြီးနောက် မင်္ဂလာဒုံနဲ့ အင်းစိန်မြို့နယ်တွေမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေတာ ဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ သူတို့ နှစ်ဦးကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၂၇၆ ခု စစ်ဆေးရာမှာလည်း ဖိလစ်ပိုင်နိုင်ငံက ပြန်လာတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၁ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၁ ဦး၊ လူနာဟောင်းတွေထဲက လူနာအမှတ် ၂၁၀၊ ၂၂၄၊ ၂၇၇ နဲ့ ၂၇၈ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရတာကြောင့် ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၂၅၄ ဦးရှိပြီ ဖြစ်ပါတယ်။ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၇ ဦးကို သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၅၅၇,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၁၈ သန်းကျော်ရှိပြီလို့ သိရပါတယ်။