A d v e r t i s e m e n t With Us

ဖိလစ်ပိုင်ကပြန်လာသည့် တန့်ဆည်မြို့နယ်နေ အမျိုးသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံက ပြန်လာတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီည ထုတ်ပြန်ပါတယ်။ ဇူလိုင် ၉ ရက်နေ့အတွက် ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၅၆၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၈၃  ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၆၇ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က  ၂၆၃ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူ ၁,၂၇၆ ခု အား စစ်ဆေးခဲ့တာပါ။ အသစ်တွေ့ရှိတဲ့ လူနာအမှတ် ၃၁၉ ဟာ ဖိလစ်ပိုင်က ပြန်လာပြီးနောက် မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကို တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၁ ဦး၊ လူနာဟောင်းတွေထဲက လူနာအမှတ် ၂၁၀၊ ၂၂၄၊ ၂၇၇ နဲ့ ၂၇၈ တို့မှာ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရတာကြောင့် ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၂၅၄ ဦးရှိပြီ ဖြစ်ပါတယ်။ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၃၇ ဦးကို သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၅၅၃,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up