DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးမြင့်တက်မှု ဗဟိုဘဏ် ၀င်ထိန်းမည်မဟုတ်
DVB
·
May 24, 2013
ဒေါ်လာဈေးမြင့်တက်မှု ဗဟိုဘဏ် ၀င်ထိန်းမည်မဟုတ်
Donate to DVB

ပြည်တွင်းမှာ လတ်တလော နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာရခြင်းက ဈေးကွက်ရဲ့ သဘောသဘာဝဖြစ်တဲ့ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က “ ကျနော်တို့ ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီးတော့ ငွေလဲနှုန်းကို ပြင်ဆင်လိုက်ပြီးတော့ နေ့စဉ်ဈေးနှုန်း အတက် အကျကလည်း ဈေးကွက်ရဲ့ ၀ယ်လိုအား၊ ရောင်းလိုအားအပေါ် အခြေခံပြီးတော့ သွားနေတာပါ။ အခုဖြစ်တာကလည်း ဈေးကွက်ရဲ့သဘောသဘာဝအရ shock ဖြစ်သွားတာပါ။ အခုချိန်ကလည်း ကျနော်တို့တိုင်းပြည်က လုပ်ငန်းရှင်တွေ ၀ယ်ယူထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ပေးချေရမယ့် အခိုက်အတန့်ကာလ များသွားလို့ နိုင်ငံခြားငွေ ၀ယ်လိုအား တက်သွားပြီး ဈေးတက်သွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်လာတန်ဖိုးက အတက်အကျတွေရှိခဲ့ပေမယ့် ယခုနှစ်လို နေ့စဉ်နီးပါး တောက်လျှောက် အတက်မရှိခဲ့ဘူး။

ပြည်တွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ရေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ၁ ဒေါ်လာကို ၈၇၅ ကျပ်ရှိခဲ့ပေမယ့် မေလဆန်းကစပြီး နေ့စဉ်နီးပါး တန်ဖိုးမြင့်တက်လာခဲ့ရာ မေလ၂၄ရက် နေ့တွင် ၉၆၀ ကျပ်အထိ ရှိလာပါတယ်။

ဦးသိန်းဇော်က “အရင်က အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၈၃၀ ရှိတုန်းက ပို့ကုန်သမားတွေက မကိုက်လို့ ကျပ် ၁၀၀၀ ဖြစ်အောင်လုပ်ပေးပါဆိုပြီး ဗဟိုဘဏ်ကိုပြောကြတယ်။ အခုလည်း ဈေးတက်တော့ ဗဟိုဘဏ်ကို ချပေးပါလို့ လာပြောကြတယ်။ ဒါကို ကျနော်တို့က လုပ်ပေးလို့မရဘူး။ ပြီးတော့ အခု ကျနော်တို့က ဗဟိုဦးစီးစနစ်နဲ့ သွားနေတာမဟုတ်ဘူး။ ဈေးကွက်ကိုပဲ အခြေခံပြီး သွားနေတာ။ ဈေးကွက်ရဲ့လှုပ်ခတ်မှုကိုတော့ နည်းနည်းပါးပါး ခံရတာတွေရှိပါမယ်။ ဒါပေမယ့် ဒီအတိုင်းမနေပါဘူး။

“ကျနော်တို့ဆီကို နိုင်ငံခြားသုံးငွေ စီးဝင်နိုင်တဲ့လမ်းကြောင်းတွေရှိလို့ ဒီလမ်းကြောင်းတွေကနေ ပြန်ဝင်လာရင် ဈေးက သူ့အလိုအလို ပြန်ထိန်း ကျောင်းသွား မှာပါ။ ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

ဒေါ်လာတန်ဖိုးတက်လာတာက ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ကောင်းတဲ့လက္ခဏဖြစ်ပေမယ့် သွင်းကုန် လုပ်ငန်းရှင်တွေအတွက်တော့ တင်သွင်းမှုပမာဏကို လျှော့ကျစေလို့ အကောင်းနှင့်အဆိုး ယှဉ်တွဲနေပါတယ်။

ငွေရေးကြေးရေးဆိုင်ရာကျွမ်းကျင်သူ ဦီးစံသိန်းက “သီအိုရီအရကတော့ ကိုယ့်ငွေကို တန်ဖိုးကျစေပြီး ဒေါ်လာတန်ဖိုးကို မြင့်စေပါတယ်။ ဒါကြောင့် ပို့ကုန်တွေကို ဈေးပေါ်စေပြီး သွင်းကုန်တွေကို တန်ဖိုးမြင့်သွားစေပါတယ်။ ဒါပေမယ့် ဒေါ်လာတန်ဖိုးတက်တာက ပို့ကုန်သမား တွေကို များများတင်ပို့နိုင်ဖို့အတွက် တွန်းအားဖြစ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ပို့ကုန်သမားတွေက အရယူပြီး အသုံးချဖို့လိုတယ်။ သွင်းကုန်သမားတွေကတော့ ဈေးနှုန်းမြင့်တဲ့အတွက် စားသုံးသူကလည်း ၀ယ်လိုအားနည်းသွားမှာဖြစ်လို့ တင်သွင်းမှုကို လျော့ကျစေမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံတကာမှာတော့ နိုင်ငံခြားငွေတန်ဖိုး အတက်အကျ မများလေအောင် သက်ဆိုင်ရာဗဟိုဘဏ်တွေက ၀င်ရောက်ထိန်းကျောင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။

“အခြားနိုင်ငံတွေမှာတော့ ဗဟိုဘဏ်အနေနဲ့ သူ့မှာရှိတဲ့ နိုင်ငံခြားသုံးငွေရန်ပုံငွေနဲ့ ဈေးကွက်ထဲဝင်ပြီးတော့ ဈေးကစားပေးတယ်။ ဘယ်လိုလဲဆိုတော့ ဒေါ်လာဝယ်လိုအား အရမ်းများပြီး ဈေးတက်လာရင် ထုတ်ရောင်းပေးလာတာမျိုး လုပ်ပြီးတော့ ၀ယ်လိုအားနည်းပြီး ဈေးကျလာရင်လည်း ဈေးတက်လာအောင် လိုက်ဝယ်တဲ့သဘော မျိုးလုပ်တယ်။ ဒါကလည်း သူလိုချင်တဲ့ အနေအထားရဖို့နှင့် ဈေးနှုန်းတည်ငြိမ်လာအောင် ၀င်ထိန်းပေးတာပါ” လို့ ဦးစံသိန်းက ပြောပါတယ်။

တကယ်လို့ ဒေါ်လာတန်ဖိုးက ဆက်လက်မြင့်တက်လာနေမယ်ဆိုရင် ဗဟိုဘဏ်အနေနဲ့ သူလုပ်စရာရှိတာကိုတော့ ၀င်လုပ်ဖို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အစည်းရဲ့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေကို ယူပြီးလုပ်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေရဲ့ ၉၀ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကနေ အဓိက တင်သွင်းနေရတာဖြစ်လို့ ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ဆေးဝါးဈေးနှုန်းတွေလည်း မြင့်တက်မှုရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013