စီမံကိန်း၊ စီးပွားရေးလုပ်ငန်းများ လာလုပ်မည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ပေးမည်

မြန်မာနိုင်ငံထဲ စီမံကိန်း၊ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပေးတော့မယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ လာရောက်သူတွေအနေနဲ့ ရောက်ပြီး ၇ ရက်အတွင်း ကိုဗစ်-၁၉ အတွက် ၂ ကြိမ် ဓာတ်ခွဲ စစ်ဆေးရမှာ ဖြစ်ပြီး ပိုးမတွေ့ရင် လုပ်ငန်းခွင်ဝင်နိုင်ပြီလို့ ဆိုပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံကြား လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်တာ တွေ၊ စီမံကိန်းလုပ်ငန်းတွေ ပြန်စနိုင်ဖို့နဲ့ နှစ်နိုင်ငံကြား ဆက်သွယ်ပူးပေါင်းဆောင်ရွက်တာတွေ အဆင်ပြေစေဖို့ Fast Track (အမြန်လမ်းကြောင်း) သဘောတူညီချက်ထားသင့်တယ်လို့ ပေကျင်းမြို့ မြန်မာသံရုံးက နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဆီကို တင်ပြခဲ့ရာမှာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ လာရောက်မယ့်သူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံကနေ လေယာဉ်ပေါ်မတက်ရောက်ခင် ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ မရှိကြောင်း ဓာတ်ခွဲသက်သေခံလက်မှတ် ပါရမှာဖြစ်ပြီး မြန်မာနိုင်ငံကိုရောက်တဲ့အခါ သတ်မှတ် Facility Quarantine မှာ နေထိုင်ရမှာဖြစ်ပါတယ်။ ရောက်ပြီးနောက် ၁ ရက်မှာ နှာခေါင်းတို့ဖတ်ယူပြီး ကိုဗစ်-၁၉ စစ်ဆေးရမှာဖြစ်ပြီး စစ်ဆေးပြီး နောက် ၅ ရက်အကြာမှာ နောက်တကြိမ် ထပ်စစ်ရမှာဖြစ်ပါတယ်။ ဒီစစ်ဆေးတာတွေအတွက် ကုန်ကျစရိတ်ကို ကိုယ့်ဖာသာကျခံရမှာဖြစ်ပြီး ပိုးမတွေ့ အဖြေထွက်မှာ လုပ်ငန်းခွင်ဝင်နိုင်မယ်လို့ ဆိုပါတယ်။ အရေးကြီးကိစ္စကြောင့် Fast Track နည်းလမ်းနဲ့ မြန်မာနိုင်ငံကို သွားချင်သူတွေအနေနဲ့ ပေကျင်းမြို့ မြန်မာသံရုံးကို ဆက်သွယ်နိုင်ပြီး ပြည်ဝင်ဗီဇာရဖို့အတွက် စိစစ်ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up