DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်း စစ်ပြေးဒုက္ခသည်များကို ရှမ်းပါတီအချို့ ကူညီ
DVB
·
May 24, 2013
Donate to DVB

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်တွေကို ရှမ်းပါတီ ၂ ခုက ပူးပေါင်းပြီး သွားရောက်ကူညီနေပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့  ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နမ့်ခမ်းမြို့နယ်အတွင်းက  စစ်ပြေးဒုက္ခသည်တွေကို ဒီနေ့ သွားရောက်ကူညီနေတာပါ။

နမ့်ခမ်းမြို့နယ် နောင်ခမ်း၊ နောင်မနဲ့ မကွင်းရွာ ၃ ရွာက စစ်ပြေးဒုက္ခသည်တွေကို အစား အသောက်နဲ့ ငွေကြေးတချို့သွားရောက်လှူဒါန်းတာလို့ နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းကျော်အုန်းက ပြောပါတယ်။

“ငွေ၊ ဆန်၊ ဆီပါပဲ။ ဆီကတော့ နည်းနည်းပဲ ရတော့ ဘုန်းကြီးကျောင်းတွေပဲ ခွဲပေးလိုက်တယ်။ ဆန်ကတော့ နမ့်ခမ်းရွာ တအိမ်ထောင်ကို ၁၂ ပြည် ခွဲပေးလိုက်တယ်။ ငွေကတော့ ၃၉ သိန်း ၆ သောင်း၊ ဘုန်းကြီးကျောင်းတကျောင်းကို ၁ သိန်းလှူတယ်။ နောင်မကတော့ ၃၈ သိန်း ၄ သောင်း၊ ဘုန်းကြီးကျောင်းတကျောင်းကို ၁ သိန်း။ ဆန်ကတော့ အိမ်ထောင်စုတစုကို ၈ ပြည်။”

အဆိုပါ ကျေးရွာသူကျေးရွာသားတွေက မေ ၉ ရက်နေ့က နမ်းခမ်းမြို့နယ်မှာ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းတွေကမှ ပြန်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပါတီအနေအနဲ့ အခုလို သွားရောက်ကူညီတာလို့ ပြောပါတယ်။

“သူတို့က ဟိုဘက်ကမ်းပြေတော့ ၀မ်းစာရေး အခက်အခဲရှိတယ်။  အဲဒါကို လာလှူကြတာပါ။ စစ်ပြေးဒုက္ခသည်တွေပေါ့။ သူတို့တွေရဲ့ စိတ်ဓာတ်ကိုလည်း လာမြှင့်တင်ပေးတာပေါ့။ တပတ်လောက်တော့ သူတို့ ဘာမှလုပ်လို့မရဘူး။ ”

အဆိုပါ ရွာ ၃ ရွာမှာ လူဦးရေ ၃ ထောင်လောက်ရှိတယ်လို့ ပြောပါတယ်။

မေ ၉ ရက်နေ့က အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းတို့ အကြား အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ သုံးပြီး ထိုးစစ် ဆင်ခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ထောင်ချီပြီး နမ့်ခမ်းမြို့ပေါ်နဲ့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းကျော်အုန်းက ငြိမ်းချမ်းရေးရှိမှ တိုင်းပြည်အေးချမ်းမှာဖြစ်တဲ့အတွက် တဖက်နဲ့တဖက် တိုက်ခိုက်မှုတွေ မလုပ်ဘဲ စားပွဲပေါ် ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းအဖြေရှာဖို့လည်း တိုက်တွန်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013