ရသေ့တောင်မြို့နယ်တွင် ကျေးရွာသား ၁ ဦး မိုင်းနင်းမိ၍ ခြေနှစ်ချောင်းလုံးပြတ်
DVB
·
July 8, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာသားတဦး နွားကျောင်းနေစဉ် ဇူလိုင် ၈ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းနင်းမိပြီး ခြေထောက်နှစ်ချောင်း ပြတ်သွားတဲ့အတွက် စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က “နွားကျောင်းနေရာ မြေမြှုပ်မိုင်း ပေါက်တယ်လို့ သိရတယ်။ ခြေ ၂ ချောင်းက အခြေအနေဆိုးတယ်။ သွေးလွန်ရင် သေသွားနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်းနင်းမိသူမှာ ၆၅ နှစ်အရွယ် ဦးမောင်ကျော်သန်း ဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်အစိုးရက ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ရှိ ကျေးရွာ ၄၇ ရွာကို ဇူလိုင် ၂၄ ရက်နေ့က နယ်မြေရှင်းလင်းမယ်ဆိုပြီး ကြေညာပြီးတဲ့နောက် အဲဒီကျေးရွာတွေမှာ လူမနေကြတော့ဘဲ နွားကျောင်းမဲ့သူတွေသာ ကျန်တော့တာလို့ ငတောက်တူချေကျေးရွာနေ ဦးသာလှဖြူက ပြောပါတယ်။
“ကျနော်တို့က မိမိပိုင်ကျွဲ နွား မပျောက်ရအောင် နေကျန်ခဲ့ကြတာ စုရပ်လုပ်ပြီး၊ ကျွဲ နွားတွေကို မထိန်းသိမ်းရင်လည်း အကုန်ပျောက်ကုန်မှာပေါ့ဗျာ။ မနက်မိုးလင်းရင် အဲဒီကျွဲနွားတွေကို စားကျက်တွေမှာ ကိုယ်စီကျောင်းကြတယ်။ ညနေမိုးချုပ်ရင် စုရပ်မှာစုပြီး ချုပ်ပြုတ် စားသောက်နေထိုင်ကြတာ သူက နွားကျောင်းနေရာက တောစပ်ဆိုတော့ မိုင်နင်းမိတာ” လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှာ ကျေးရွာ ၄၃ ရွာရှိ ကျေးရွာသူသား လူဦးရေ ၁၃၅၀၀ လောက် မြို့ပေါ်ရပ်ကွက်တွေ၊ အနီးအနားကျေးရွာတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ရွာသား မြိုတိုင်းရင်းသား ဦးထွေးအောင်နဲ့ ဦးအောင်ဇံတို ၂ ဦး ကျေးရွာအနီး သစ်သွားခုတ်စဉ် မိုင်းနင်းမိပြီး ခြေထောက်တဖက်စီ ဖြတ်ပစ်ခဲ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၁၉ ခုနှစ်အတွင်းက အရပ်သား ၈၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၇၄ ဦးရှိခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လင်းလက်၊ ဓာတ်ပုံ- REC (မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်စီပြတ်ခဲ့တဲ့ ဦးထွေးအောင်နဲ့ ဦးအောင်ဇံ)