ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး အသတ်ခံရ
DVB
·
July 8, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက် ကျန်စစ်သားလမ်းနဲ့ ၂ လမ်းထောင့်မှာ ပရဟိတအသင်းမှာ လုပ်နေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦး ဇူလိုင် ၇ ရက်နေ့ ည ၉ နာရီခွဲလောက်က ထိုးသွင်းဒဏ်ရာတွေနဲ့ သတိလစ်မေ့နေတာကြောင့် မိသားစုဝင်တွေက ဆေးရုံကို အရေးပေါ် ပို့ဆောင်အသက်စဉ် သေဆုံးသွားခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ကျော်ဇင်မိုး (ခ) ချစ်မိုးဟာ လည်ကုတ်မှာ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ လည်ပင်းဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိပြီး သွေးထွက်လွန် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ရေးမြို့နယ် ပရဟိတအသင်း လူမှုရေး အကျိုးပြုလုပ်ငန်းမှာ ဆောင်ရွက်နေတဲ့ သေဆုံးသွားတဲ့ ကျော်ဇင်မိုးဟာ အလုပ်ကြိုးစားပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်ကာ အခုလို အသတ်ခံရတဲ့အတွက် များစွာဆုံးရှုံးခဲ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်၊
ကျော်ဇင်မိုးအား သတ်သွားတဲ့သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးဖို့ မိသားစုဝင်တွေက ရေးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်