သမ္မတဟာ စစ်သေနာပတိချုပ် ဖြစ်ရမယ် – ဦးခင်မောင်ဆွေ
DVB
·
May 24, 2013
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနဲ့ စပ်လျဉ်းတဲ့ သဘောထားတရပ်ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်လိုက်ပါတယ်။
[caption id="attachment_39817" align="alignleft" width="300" caption="ဦးခင်မောင်ဆွေ"][/caption]
အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပြည်သူ့ဆန္ဒနဲ့အညီ ပါဝင်ဖို့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှုကို လျော့ချဖို့၊ သမ္မတကို စစ်သေနာပတိချုပ် ခန့်အပ်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
တပ်မတော်ရဲ့ အခန်းကဏ္ဍ လျှော့ချရမယ်ဆိုတဲ့သဘောမျိုး ကြေညာချက်မှာပါနေတယ်၊ ပြောပြပေးပါ။
“ရွေးကောက်ပွဲသစ်တွေ ကျင်းပပြီး ပေါ်ပေါက်လာတဲ့ လာမယ့်အနာဂတ် လွှတ်တော်တွေမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ၂၅ ရာခိုင်နှုန်းဆိုတာ မဖြစ်သင့်တော့ဘူး။ တဖြည်းဖြည်း လျှော့သွားရမယ်။ ၁၀ ဖြစ်မလား၊ ၁၅ ရာခိုင်နှုန်းဖြစ်မလား၊ သတ်မှတ်ဖို့အတွက် ကျနော်တို့က လမ်းကြောင်းပေးထားတာ။ အဲတော့ ကြိုက်သလို အများဆန္ဒနဲ့ ဆုံးဖြတ်ပေါ့။ နံပါတ် ၁ က လျှော့ပေါ့ရမယ်၊ နံပါတ် ၂ က ရာခိုင်နှုန်း ဘယ်လောက်သတ်မှတ်မယ်ဆိုတာတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေကနေ သတ်မှတ်ဖို့ပါ။”
သမ္မတကိုလည်း စစ်သေနာပတိချုပ်ပေးဖို့လည်း ပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာ ရှိလား။
“ရှိပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ များသောအားဖြင့် သမ္မတဟာ စစ်သေနာပတိချုပ်နေရာ ယူထားပါတယ်။ ဒါက ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတာဖြစ်ပါတယ်။ နောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လုံခြုံရေးကောင်စီကနေပြီး သမ္မတအဖြစ် ခန့်အပ်နိုင်တယ်ဆိုတာ ဥပဒေမှာ ပါပြီးသား။ ခန့်အပ်နိုင်တယ်ဆိုရင် ဖြစ်နိုင်တဲ့ဟာတွေ ရှိပါတယ်။ သမ္မတဟာ ကာလုံရဲ့ထောက်ခံချက်နဲ့ ခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်ဆိုရင် တပ်ချုပ်ရဲ့အထက်မှာ သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲ၊ အုပ်ချုပ်ရေးအကြီးအကဲအဖြစ် ရှိအပ်တယ်ဆိုတာ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် သမ္မတဟာ စစ်သေနာပတိချုပ်ဖြစ်ရမယ်ဆိုပြီး ကျနော်တို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။”
ထုတ်ပြန်ချက်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချမယ်ဆိုတာက အရင်ရက်ပိုင်း သမ္မတ အမေရိကန်ခရီးစဉ်မှာ ပြောခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံရေးအခန်းကဏ္ဍမှာ ဆက်ရှိနေမယ်ဆိုပြီး ပြောခဲ့တော့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။
“မဆန့်ကျင်ပါဘူး။ ဆက်ရှိရမယ်ပြောတာ၊ လျှော့ချလည်း ရှိနေတာပဲ။ ဒါက ယေဘုယျ စကားပြောတာ။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေသင့်တယ်၊ ကျနော်တို့က အန်းကဏ္ဍမရှိဘူးလို့ ပြောတာမဟုတ်ဘူး။ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရှိရမယ်ဆိုတာ အခြေခံဥပဒေမှာ တင်ထားပြီးသားပါ။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ပါဝင်မှုဟာ ငြင်းပယ်စရာမရှိပါဘူး။ လိုအပ်နေဆဲပါ။ ဒါပေမယ့် ဒီမိုကရေစီအစစ်ကိုသွားချင်ရင်တော့ လျှော့ချရမယ်။”
ရှိရင်းစွဲ တိုင်းနဲ့ပြည်နယ် ၇ ခုကို ပြည်နယ် ၁၄ ခုအဖြစ် ပိုင်းခြားသတ်မှတ်ဖို့၊ အဲဒါက တိုင်းရင်းသားအဖွဲ့တွေက ၈ ပြည်နယ်လို့ ပြောနေတဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။
“၈ ပြည်နယ်လို့ ပြောတာက သူတို့ လိုလားချက်ပဲ။ ကျနော်က ရှိရင်းစွဲကို ပြောနေတာပါ၊ ၈ ပြည်နယ်ကို ထောက်ပြနေတာမဟုတ်ဘူး။ ကျနော်ပြောတာက ရှိရင်းစွဲ ၇ တိုင်း၊ ၇ ပြည်နယ်ကို အားလုံးကို တပြေးညီ ပြည်နယ်အဖြစ် သတ်မှတ်သင့်တယ်လို့ တင်တာပါ။ ၈ ပြည်နယ်ကိစ္စက သူတို့ရဲ့ လိုလားချက်ပါ။ ဒါက ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာက အခြေနေနဲ့ အချိန်ခါနဲ့ ဆိုင်ပါတယ်။”
သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး ပြင်ဖို့လည်း ပြောထားပါတယ်။ ပြင်ဆင်ချက်က နိုင်ငံသားမဟုတ်တဲ့သူတွေနဲ့ သက်ဆိုင်တဲ့ ပြင်ဆင်ချက်မျိုးလည်း ရှိပါတယ်။ အဲဒါကို ဘာအတွက် ထည့်သွင်းထားတာလဲ။
“၂၀၀၈ အခြေခံဥပဒေမှာ သမ္မတ၊ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်ဟာ တစုံတယောက်ကို ဦးတည်ပြီး သတ်မှတ်ထားသလို ဖြစ်နေတယ်။ အခြေခံဥပဒေ ၄၇ နဲ့ ၇၄ မှာ သားသမီး ဇနီးခင်ပွန်းအထိ လိုက်သတ်မှတ်ထားတာလည်း မရှိပါဘူး။ အဲဒါက လူတယောက်ကို တည့်တည့်ကြီး သာမန်ကလေးတယောက်တောင် စဉ်းစားနိုင်တဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့် အခြေခံဥပဒေဟာ နိုင်ငံသားအားလုံးကို လွှမ်းခြုံပြီး နိုင်ငံတော် အကျိုးစီးပွားကို ကြည့်ရမယ့်ကိစ္စဖြစ်ပါတယ်။ လူတဦးတယောက်ကိုကြည့်ပြီး ကန့်သတ်တယ်ဆိုတာမျိုးဟာ အခြေခံဥပဒေရဲ့ ဂုဏ်သိက္ခာအရည်အချင်းနဲ့ မကိုက်ညီပါဘူး။ နောက် အခြေခံဥပဒေမှာလည်း နိုင်ငံသားမဟုတ်တဲ့သူတွေ လာပြီး သမ္မတဖြစ်မှာမျိုး၊ နိုင်ငံသားတယောက်ဟာ သူ့ရဲ့ အိမ်ထောင်ဘက်ဟာလည်း နိုင်ငံခြားသားဖြစ်နေတဲ့ဟာမျိုး၊ ဒါမျိုးဖြစ်မယ်ဆိုရင်လည်း နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှာ မလိုလားတဲ့အတွက်ကြောင့် အခုလို ပြင်ဆင်ချက် ထည့်သွင်းတာဖြစ်ပါတယ်။”
ဘာများဖြည့်စွက်ပြီး ပြောချင်တာ ရှိလဲခင်ဗျ။
“ကျနော်တို့က ဒီမိုကရေစီပုံစံကျတာမျိုးကို လိုချင်ပါတယ်။ နောင် တပ်မတော်သားတွေက ၅ နှစ်အတွင်းမှာ တခါတည်း ရေးပေးရမယ်။ တပ်မတော်သားတွေက တိုင်းစစ်ဌာနချုပ်တွေမှာ လမ်းစဉ်ပါတီခေတ်ကလို တပ်တွင်းမှာ ရွေးချယ်ပြီးတော့ လာတဲ့သူတွေကို တပ်ချုပ်ကနေ လွှတ်တော်ကို တင်ပေးရမယ်။ ဒါမှ တခြားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တန်းတူအခွင့်အရေးကို ရမှာဖြစ်ပါတယ်။ အဲတော့ ညီညွတ်မျှတတဲ့ လွှတ်တော်ဖြစ်မယ်။ ဒီမိုကရေစီကျမယ်။ အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်တဲ့ လွှတ်တော်ဖြစ်ရမယ်။ တရားစီရင်ရေးမှာလည်း နိုင်ငံသားတယောက်ဟာ တရားလွှတ်တော်ချုပ်ကို အယူခံခွင့်ရှိတယ်။ တရားလွှတ်တော်ချုပ်ဟာ တရားရေးမှာ အမြင့်ဆုံး ဌာနကြီးဖြစ်တယ်ဆိုပြီးတော့ အခြေခံဥပဒေခုံရုံးနဲ့ စစ်ခုံရုံးတို့မှအပ သိပ်ပြီးတော့ နားထောင်လို့ သိပ်မကောင်းပါဘူး။ စစ်ခုံရုံးတို့က ဘယ်လို့ပဲ ဆုံးဖြတ်ဆုံးဖြတ် အတည်ပြုသည်ဖြစ်စေ၊ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးဟာ ရှိနေဦးမယ်ဆိုတာ ကျနော်တို့ မြင်တဲ့အတွက်ကြောင့် မည်သူမဆို စာချွန်တော်မှုနဲ့ ပတ်သက်ရင် တရားလွှတ်တော်ချုပ်ကို တင်ခွင့်ရှိတယ်ဆိုတာ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေး လွတ်လပ်ခွင့်ကို ကျနော်တို့ မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ အဲတော့ အခြေခံဥပဒေကို ပြင်ခွင့်ရလို့ ပြင်ကြမယ်ဆိုရင် နိုင်ငံလုံးဆိုင်ရာ ကျနော်တို့ ဗဟိုဦးစီးညီလာခံကြီး ပြီးတဲ့အခါမှာ အတည်ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် လွှတ်တော်နှစ်ရပ်ကို နှစ်စောင်ပို့ပြီး သမ္မတကို တစောင်ပို့ပြီး ဘယ်အချိန် ပြင်မယ်ဆိုတာ ကျနော်တို့ စောင့်မှာဖြစ်ပါတယ်။”